ဟိုက်ပါ ရီရယ်လစ်ဇင် (Hyperrealism) ဆိုတာက ၁၉၇၀ ခုနှစ် အစောပိုင်း ကာလများအတွင်းက စတင်ခဲ့တဲ့ အနုပညာ လှုပ်ရှားမှု ဖြစ်ပြီး ဖိုတိုရီရယ်လစ်ဇင်ကို ပေါင်းဆင့်ဖန်တီးယူတဲ့ ဖန်တီးမှုပါ။ ဟိုက်ပါ ရီရယ်လစ်ဇင်ဆိုတဲ့ စကားလုံးကို စတင်သုံးစွဲသူကတော့ ဘယ်လ်ဂျီယံ အနုပညာလက်ရာ အရောင်းအဝယ်သမား အိုင်ဆီ ဘရာချော့ (Isy Brachot) ဖြစ်ပါတယ်။ ဘရပ်ဆဲမြို့မှာ ၁၉၇၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပန်းချီပြပွဲတခုရဲ့ ကက်တလောက်မှာ ဟိုက်ပါ ရီရယ်လစ်ဇင် ဆိုပြီး သူ စတင် သုံးနှုန်းခဲ့ရာက နောက်ပိုင်း ဥရောပ အပါအဝင် တခြားနိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိပြီး အသုံးတွင်ကျယ်ခဲ့တာပါ။
ဂျက်ဖ် စပါနေး (ဒတ်ချ်)
မြင်လိုက်တာနဲ့ကို စားချင်ဖွယ်ရာ အစားအစာ တပန်းကန်ပေါ့။ ဒတ်ချ် ပန်းချီဆရာ ဂျက်ဖ် စပါနေး (Tjalf Sparnaay) ရေးဆွဲတဲ့ ပန်းချီကားပါ။ ပန်းချီကားကို မြင်လိုက်တာနဲ့တောင် စိတ်ကနေ အရသာခံမိတဲ့အထိ သူ့ရဲ့ ဟိုက်ပါ ပန်းချီ ရေးချက်တွေက ဆွဲဆောင် လွန်းလှပါတယ်။ အသက် ၆၁ နှစ်ရှိပြီ ဖြစ်တဲ့ စပါနေးဟာ နိုင်ငံတကာ ဟိုက်ပါ ရီရယ်လစ်ဇင် အနုပညာ လှုပ်ရှားမှုမှာ အရေးပါသူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်က မီဂါ ရီရယ်လစ်ဇင် (Mega Realism) စီးရီး ပန်းချီကားများနဲ့ ဟိုက်ပါ ရီရယ်လစ်ဇင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာပါ။ သူ့ရဲ့ မူရင်းလက်ရာတခုကို အရွယ်အစားပေါ် မူတည်ပြီး ယူရို ၁၇၅၀၀ ကနေ ယူရို ၁၂၀၀၀၀ အထိရှိပါသတဲ့။
အီလွိုင် မိုရာလိစ် (စပိန်)
အထက်မှာ ဖော်ပြထားတဲ့ ပန်းချီကားကို ကြည့်ပါဦး။ ပန်းချီကားရှေ့မှာ ပန်းချီဆရာ ရေးနေတဲ့ပုံကို တွေ့ရလို့သာ ပန်းချီကားလို့ ပြောနိုင်တာပါ။ ဘေးက ပုံကို ကြည့်ရင်တော့ ပန်းချီကားလို့ မမြင်ဘဲ အစစ်အမှန်လူတဦးကို ပန်းချီ ဆေးတွေ သုတ်လိမ်းထားသလို ဖြစ်နေပုံကို တွေ့ရမှာပါ။ ရေးဆွဲသူက စပိန်ပန်းချီဆရာ အီလွိုင် မိုရာလိစ် (Eloy Morales) ပါ။
ပန်းချီကားကြီးတွေသာ ရေးဆွဲလေ့ရှိသူ သူ့အတွက် ပန်းချီကား တခုပြီးဆုံးဖို့ ၁ လဝန်းကျင်လောက် အချိန်ယူရပြီး တရက်ကို ၈ နာရီလောက် စတူဒီယိုထဲမှာ ရေးဆွဲရတယ်လို့ ဆိုပါတယ်။ အသက် ၄၀ အရွယ်ရှိ အီလွိုင် မိုရာလိစ်ဟာ မိခင်နိုင်ငံ စပိန်အပြင် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွေမှာ ပြပွဲတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကိုင်းလ် လမ်းဘတ် (ဗြိတိသျှ)
ကမ္ဘာကျော် ဝါရင့်သရုပ်ဆောင်ကြီး မော်ဂန် ဖရီးမန်းရဲ့ ပုံကိုလည်း သေချာကြည့်ပါဦး။ ဓာတ်ပုံတခုလို့ ထင်ရလောက်ပေမယ့် အိုင်ပက်နဲ့ ဆွဲထားတာပါ။ ရေးဆွဲသူက ဗြိတိန်နိုင်ငံဖွား ပန်းချီဆရာ ကိုင်းလ် လမ်းဘတ် (Kyle Lambert) ပါ။ ဒီပုံ ရေးဆွဲပြီးစီးဖို့ တလလောက်တောင် အချိန်ယူ ရေးဆွဲခဲ့ရတယ်လို့ ပြောပါတယ်။ သူဟာ အိုင်ပက်နဲ့ တကယ့် အကောင်းဆုံး မာစတာပိစ် ပန်းချီကားတွေ ရေးဆွဲလျက် ရှိပါတယ်။
ကျနော်တို့ မြန်မာ့ပန်းချီလောကမှာတော့ ရီရယ်လစ်ဇင် ပန်းချီကားတွေ အများအပြား တွေ့ရပေမယ့် ဟိုက်ပါ ရီရယ်လစ်ဇင် ပန်းချီကားကတော့ နည်းပါးနေသေးပါတယ်။ ဟိုက်ပါ ရီရယ်လစ်ဇင်ဘက် နွှယ်တဲ့ ပန်းချီကားတွေသာ အများစုတွေ့ရပါတယ်။ ပန်းချီ ဇော်ဇော်အောင်၊ ပန်းချီ ဘိုကြည် (အစောပိုင်း လက်ရာများ)၊ ပန်းချီ တင်အောင်ကျော်၊ ပန်းချီ ခိုင်မင်းစိုး၊ ပန်းချီ ရဲအောင်မြတ်၊ ပန်းချီ ဘိုကလေး ဌေးလွင်၊ ပန်းချီ အောင်သီဟ တို့ရဲ့ တချို့ပန်းချီကားတွေ ကတော့ ဟိုက်ပါဘက်နွှယ်တဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။
ကိုးကား – oddee.com