မန္တလေးမြို့ရဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးက မြို့လူထု အားကိုးနိုင်တဲ့ အနေအထားထိ မရှိတာ ကြောင့် အိမ်ထောင်စုတိုင်းက ဆိုင်ကယ်တွေကို မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် မဖြစ်မနေ အသုံးပြုနေကြရပါ တယ်။ အရင်က စက်ဘီးမြို့တော်အဖြစ် ကျော်ကြားခဲ့တဲ့ မန္တလေးဟာ ယခုအခါမှာ ဆိုင်ကယ်မြို့တော်အဖြစ် ပြောင်းလဲ သွားပါပြီ။
မန္တလေးမှာ ဆိုင်ကယ်မစီးတတ်ရင် ခရီး မတွင်နိုင်ဘူး။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီးမှာ လူဦး ရေ ခြောက်သန်းကျော် ( ၆၁၆၅၇၂၃)ရှိပြီး အိမ်ထောင်စုပေါင်း တသန်းကျော်(၁၃၂၃၁၉၁) ရှိတယ်။ မော်တော်ကား ၅၈၀၁၇၊ မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ သုံးဘီးကား စုစုပေါင်း ၇၆၉၅၂၉ အသုံးပြုနေကြတယ်။
မန္တလေးတိုင်းမှာ စက်ဘီးအရေအတွက် ၅၂၃၇၀၄စီး ရှိနေတယ်လို့ သန်းခေါင်စာရင်းမှာ ဖော်ပြထားတယ်။ သန်းခေါင် စာရင်းမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မန္တလေးတိုင်းမှာ လူ ၈ယောက်မှာ ဆိုင်ကယ်တစီးနှုန်း အသုံးပြုနေတယ်လို့ ဆိုပါတယ်။
မန္တလေးခရိုင်မှာတော့ အိမ်ထောင်စုတွေရဲ့ ၇၅ရာခိုင်နှုန်းက ဆိုင်ကယ် အသုံးပြုနေကြတယ်။(လက်ရှိအချိန်မှာတော့ စက် ဘီး၊ ဆိုင်ကယ်၊ ကားအရေအတွက် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်) မြို့ပေါ်မှာ နေထိုင် တဲ့ မိသားစုတိုင်း ဆိုင်ကယ်ကို လိုရာခရီးသွားနိုင်ဖို့ မဖြစ်မနေ သုံးနေကြရတယ်။ တချို့အိမ်ထောင်စုတွေမှာ အိမ်ရှိ လူကုန် ဆိုင်ကယ် အသုံးပြုနေရတယ်။
အရင်က စက်ဘီးကိုသာ သုံးခဲ့ပေမယ့် ခေတ်ကာလအခြေအနေ လိုအပ်ချက်အရ ဆိုင်ကယ်ကို သုံးကြရတယ်။ ဈေးသွား ငါးဝယ်ကအစ ရုံးသွားကျောင်းသွားအဆုံး ဆိုင်ကယ်တွေက မန္တလေးနေ့စဉ် လူနေမှုဘဝမှာ မရှိမဖြစ် သုံးနေကြရတယ်။ မြို့ပြဧရိယာ ကျယ်ပြန့်လာမှုနဲ့ အတူ အချိန်နဲ့အမျှ ပြေးလွှားရုန်းကန်နေကြရတော့ ဆိုင်ကယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်မလွှတ်နိုင်ကြဘူး။
ဆိုင်ကယ်ဈေးနှုန်းတွေကလည်း လူအများ လက်လှမ်းမီတဲ့ ဈေးနှုန်းတွေဖြစ်လာတယ်။ အတော်အသင့်ကောင်းတဲ့ လိုင်စင် ပါ ဂျာလင်း စူပါကပ်တစ်စီးရဲ့တန်ဖိုးက ကျပ် နှစ်သိန်းဝန်းကျင်သာရှိတယ်။ ဆိုင်ကယ်တွေ သုံးရတာက ခရီးတွင်တယ်။ ဝန် ပေါ့တယ်။ စိတ်သွားတိုင်း ကိုယ်ပါတယ်။ စရိတ်ကျဉ်းတယ် စတဲ့ အားသာချက်တွေ ရှိနေတယ်။
ဆိုင်ကယ်ကို ကြိုက်နှစ်သက်ကြသူတွေထဲမှာ အမျိုးသားတွေတင်မက အမျိုးသမီးတွေပါ ပါတယ်။ သူတို့က လေထဲမှာ တလွင့်လွင့်နဲ့ ဆိုင်ကယ်စီး ရတဲ့အရသာကို ကြိုက်ကြတယ်။ အများပြည်သူဆိုင်ရာ မြို့ပြသယ်ယူပို့ဆောင်ရေးကို စနစ် တကျ အကောင်အထည် ဖော်ခဲ့နိုင်ရင် ဆိုင်ကယ်အသုံးပြုမှု ယခုထက် လျော့ကျလာနိုင်ပါတယ်။
ဆိုင်ကယ် အသုံးပြုမှု လျော့ကျလာခဲ့ရင် ယာဉ်တိုက်မှုကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အလုပ်သွားအလုပ်ပြန် ကျောင်းသွားကျောင်းပြန် အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာဖြစ်ပါတယ်။ ဇူလိုင်လ ဒုတိယပတ် ထဲမှာပဲ အလယ်တန်းကျောင်းသူတယောက် ဆိုင်ကယ်နဲ့ ကျောင်းလိုက်ပို့ချိန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး အသက်ဆုံးရှုံး ခဲ့ရပါသေးတယ်။ ကာယကံရှင်မိသားစုအတွက် နစ်နာဆုံးရှုံးခဲ့ရသလို နိုင်ငံအတွက်လည်း သမီးကောင်း ရတနာတယောက် ဆုံးရှုံးသွားရပါတယ်။
ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေ အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံး
ဒဏ်ရာရ စာရင်းတွေမှာလည်း ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်တိုက်မှုတွေသာ အများဆုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ မြို့ ကြီးပြကြီးတွေမှာတော့ အများပြည်သူဆိုင်ရာ မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ဘတ်စ်ကား၊ မြေအောက်ရထား၊ မိုးပျံရ ထား၊ မြို့ပတ်ရထားတွေနဲ့ မြို့လူထု အစဉ်ပြေအောင် ကွန်ရက်သဖွယ် ချိတ်ဆက် ဆောင်ရွက်ပေးထားတယ်။
ကျနော်တို့ဆီမှာတော့ ကုန်တင်တဲ့ လိုက်ထရပ်ကို ဘေးတန်းနှစ်ဖက်ခုံတန်းရှည်ရိုက်ထားတဲ့ ဖင်မလှည့်သာ ခေါင်းမ လှည့်သာ ဘတ်စ်ကားတွေသာရှိတယ်။ ဒီအထဲ ဝန်ဆောင်မှုက ညံ့လိုက်သေးတယ်။ ဘတ်စကားစနစ် အဆင်မပြေတာ ကြောင့် မန္တလေးမှာတော့ ဘယ်နေရာသွားသွား ဆိုင်ကယ်တွေ သုံးနေကြရတယ်။
ဆိုင်ကယ်တစီး ပျမ်းမျှ နေ့စဉ် လောင်စာဆီဖိုး အနည်းဆုံး ကျပ် ၅၀၀ သုံးနေရတယ်။ မန္တလေးတိုင်းအတွင်းရှိ ဆိုင်ကယ် ၈သိန်းဝန်းကျင်အတွက် နေ့စဉ် လောင်စာဆီကုန်ကျစရိတ် ကျပ်သိန်း ၄၀၀၀ကျော် အနည်းဆုံး အသုံးပြုနေရတယ်။ တလ ဆိုရင် ကျပ်သိန်းပေါင်း ၁၂၀၀၀၀ အထိ ရှိတယ်။
လောင်စာဆီက ပြည်ပကနေ တင်သွင်းနေရတာဖြစ်လို့ ဘက်ဂျက်လိုငွေပြနေတဲ့ ဒီနေ့ကာလမှာ နိုင်ငံခြားငွေယိုပေါက် ပိတ်အောင် ဘယ်လို စီမံဆောင်ရွက်ကြမလဲ။ သက်ဆိုင်သူများ စဉ်းစားကြစေလိုပါတယ်။ မြို့ပြသယ်ယူပို့ဆောင်ရေးသာ စနစ်ကျပြီး မြို့လူထုအတွက် အမှန်တကယ် အသုံးတည့်ခဲ့မယ်ဆိုရင် နေ့စဉ် ငွေယိုပေါက်ကို အထိုက်အလျောက် ပိတ်ဆို့ နိုင်မှာဖြစ်ပါတယ်။
၁၉၈၈ခုနှစ်အထိ တနိုင်ငံလုံးမှာ ဆိုင်ကယ် အရေအတွက် တသိန်းမပြည့်ခဲ့ပါဘူး။ အဲဒီအချိန်က ရန်ကုန်မှာလည်း ဆိုင် ကယ်စီးနင်းခွင့် ရှိပါသေးတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ပါ တယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အဆင်ပြေ ချောမွေ့အောင်မလုပ်ဘဲ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့်ပိတ်ရုံနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုတာ ရန်ကုန်မြို့က အကောင်းဆုံးသက်သေပါပဲ။ ခုံးကျော်တံတားအချို့ ဆောက်ပေးနေပေမယ့်လည်း ယာယီဖြေရှင်းနည်းသာဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြ တယ်။
မန္တလေးမှာ လက်ရှိအချိန်မှာတော့ ဆိုင်ကယ်နံပါတ်တွေက (၅၀ယ/——–)ကို ရောက်ရှိနေပါပြီ။ ၁၉၈၈ ခုနှစ်အထိ (ယ/——) နံပါတ်တွေနဲ့သာ ရှိခဲ့တာပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ (၁ယ/—–) နံပါတ်တွေ ဆက်ထုတ်ပေးခဲ့တယ်။ (၁ယ /၈သောင်းကျော်) နံပါတ်နောက်ပိုင်း ဆိုင်ကယ်အသစ် တင်သွင်းမှုကို အစိုးရက ရပ်ဆိုင်းခဲ့တယ်။ ၁၉၉၇-၉၈၀န်းကျင် ကာ လများဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာပဲ လူမှုရေးအမည်ခံ အသင်းကြီးနဲ့ ဆက်စပ် ပတ်သက်သူအချို့က တရုတ်ပြည်ဖြစ် ဆိုင်ကယ်တွေ ကို (၂ယ/—–) နံပါတ်တပ်ဆင်ပြီး စီးနင်းခွင့်ရခဲ့ကြတယ်။ ယာဉ်စစ်ဆေးသူတွေတောင် (၂ယ/—-) ဆိုင်ကယ်တွေကို ရဲရဲ ဝံ့ဝံ့ မစစ်ဆေးရဲဘဲ လက်ရှောင်ခဲ့ကြတယ်။
နောက်ပိုင်းမှာ တရုတ်ပြည်ဖြစ်ဆိုင်ကယ်တွေ ဈေးကွက်အတွင်း ဗုံးပေါလအော ဝင်ရောက်လာပါတယ်။ ဝင်လာတဲ့ ဆိုင် ကယ်တွေကို အခွန်ကောက်ခံပြီး ဒေသအမှတ်နံပါတ်တွေနဲ့ နံပါတ်ထုတ်ပေးခဲ့တယ်။ မန္တလေးအတွက် ထုတ်ပေးတဲ့ နံပါတ် တွေက (မတလ/——) နံပါတ်တွေဖြစ်ပြီး ကျပ်ငွေသန်းပေါင်းများစွာ အခွန်ဘဏ္ဍာရရှိခဲ့တယ်။ ထုတ်ပေးတဲ့ လိုင်စင်မှာ မန္တ လေးတိုင်း အတွင်းသာ စီးနင်းခွင့်ရှိသည်ဆိုတဲ့ တံဆိပ်ကိုပါ ရိုက်နှိပ်ပေးလိုက်ပါသေးတယ်။ တရုတ်ဆိုင်ကယ်တွေ တရား ဝင်စီးနင်းခွင့်ရခြင်းရဲ့ ကနဦးကာလများဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ငါးကြိမ်ထက်မနည်း ဆိုင်ကယ်လိုင်စင်တွေကို အစိုးရက ထုတ်ပေးခဲ့တယ်။ ဒေသအမှတ်နဲ့ မဟုတ် တော့ဘဲ (၂ယ/—)ကစပြီး ထုတ်ပေးခဲ့တာပါ။ တရုတ်ဆိုင်ကယ်၊ ထိုင်းဆိုင်ကယ်၊ အိန္ဒိယဆိုင်ကယ်တွေ အားလုံးကို
အခွန်ကောက်ခံပြီး လိုင်စင်ပြုလုပ်ပေးခဲ့တယ်။
လိုင်စင်အသစ်ပြုလုပ်ပေးတိုင်း အခွန်နှုန်းထားတွေက ပြောင်းလဲပါတယ်။ တခါတရံ အမျိုးအစားတူ ဆိုင်ကယ်ကိုပဲ ပထမ အသုတ် လိုင်စင်လုပ်တုန်းက တဈေး၊ ဒုတိယအသုတ် လိုင်စင်လုပ်တဲ့အခါ တဈေး ဖြစ်လေ့ရှိပါတယ်။ (ဥပမာ တရုတ် ပြည်ဖြစ် ဂျာလင်းစူပါကပ်ဆိုင်ကယ် တမျိုးတည်းကပဲ ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ် အခွန်နှုန်းထား သတ်မှတ်ဈေးနှုန်းတွေ အမျိုးမျိုး ဖြစ်ခဲ့ပါတယ်။)
ဒီနေ့အချိန်မှာတော့ အမေရိကန်နိုင်ငံထုတ် ဟာလေဒေးဗစ်ဆန် ဆိုင်ကယ်ကို ဆန္ဒရှိရင် ဝယ်စီးနိုင်ကြပါပြီ။ ဆိုင်ကယ် အ ရောင်းပြခန်းတွေလည်း မန္တလေးမြို့လယ်မှာနဲ့ မနော်ဟရီလမ်းမတလျှောက်မှာ တွေ့နေရပြီဖြစ်ပါတယ်။ မန္တလေးသူ မန္တ လေးသားတွေကတော့ မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် ကိုယ့်ဆိုင်ကယ်ကိုယ်စီး ကိုယ့်တာဝန်ကိုယ်ယူနေကြပါပကော။