Lifestyle

Vogue မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် ပြန်လည် ရွေးချယ်ခံရတဲ့ မင်းသမီး ဟာဂျီဝန်

This article has been converted from Zawgyi One to Unicode

ကိုရီးယားထိပ်တန်း သရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ ဟာဂျီဝန် (Ha Ji Won) ဟာ ထိုင်ဝမ်အခြေစိုက် Vogue မဂ္ဂဇင်းရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည် အထူးထုတ်မှာ မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခံရပါတယ်။ ဟာဂျီဝန်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကလည်း မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခဲ့ဖူးပါတယ်။

ယခုလို နှစ်ပတ်လည် အထူးထုတ်စာအုပ်မှာ မျက်နှာဖုံးရှင်အဖြစ် ပြန်လည်ရွေးချယ်ခြင်းကတော့ ဟာဂျီဝန်ဟာ ထိုင်ဝမ်မှာ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ ကိုရီးယားသရုပ်ဆောင်ဖြစ်နေတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဟာဂျီဝန်ကို မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခဲ့မှုနဲ့ ပတ်သက်ပြီး မဂ္ဂဇင်းအယ်ဒီတာက “သူမ (ဟာဂျီဝန်)ဟာ လင်းလက်တောက်ပနေတဲ့ တန်ဖိုးကြီး စိန်ပွင့်တပွင့်လိုပါပဲ။ သရုပ်ဆောင်တဲ့အခါမှာ ဇာတ်ရုပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အမျိုးမျိုးပြောင်းလဲ သရုပ်ဆောင် နိုင်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ရော၊ ဖက်ရှင်ပိုင်း၊ အလှအပရေးရာ အပိုင်းနဲ့ ပတ်သက်ပြီးတော့ သူမဟာ အမြဲတမ်း လေ့လာနေတဲ့သူ တယောက်ပါ။ ဒီလိုမိန်းကလေးဖြစ်တဲ့အတွက် မဂ္ဂဇင်းရဲ့ နှစ်ပတ်လည်မှာ ဂုဏ်ယူစွာနဲ့ သူမကို မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခဲ့ခြင်းပါ” လို့ ဆိုပါတယ်။

ဟာဂျီဝန်ဟာ ၁၉၇၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆို အသက် (၃၈)နှစ် ရှိပြီဖြစ်ပါတယ်။ သရုပ်ဆောင်လောကထဲကို ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး “Secret” ရုပ်သံဇာတ်လမ်းနဲ့ အောင်မြင်များစွာ ရရှိခဲ့တဲ့ သရုပ်ဆောင်တဦးပါ။

သရုပ်ဆောင် ထူးချွန်ဆုတွေအနေနဲ့ ကိုရီးယားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး သရုပ်ဆောင်ထူးချွန်ဆုတွေဖြစ်တဲ့ Baeksang Arts Awards နဲ့ Blue Dragon Film Awards တွေအပြင် ထိုင်ဝမ်မှ ချီးမြှင့်တဲ့ Golden Horse Film Festival and Awards တို့ကိုလည်း ရရှိ ထားပါတယ်။

လက်ရှိမှာတော့ ဟာဂျီဝန်ဟာ SBS ရုပ်သံဇာတ်လမ်းဖြစ်တဲ့ “The Time We Were Not in Love” ဇာတ်ကားကို ရိုက်ကူးထားသလို အချစ်ဟာသရုပ်ရှင်ဖြစ်တဲ့ “Risking Life for Love” ကိုလည်း သရုပ်ဆောင် ချောင်ဂျန်းမြောင်နဲ့ တွဲဖက် ရိုက်ကူးနေပါတယ်။

Ref ; www.soompi.com

Loading