ထိုင်းနိုင်ငံမှာ မေလ ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် Telenor Youth Forum Asia ကို မြန်မာနိုင်ငံ ကိုယ်စားပြု စွန့်ဦးတီထွင်သူ လူငယ် ၄ ဦး တက်ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ နှစ်ရက်ကြာ ကျင်းပပြုလုပ်မယ့် Telenor Youth Forum Asia ပွဲကို ဒစ်ဂျစ်တယ် ခေတ်ရဲ့ မျိုးဆက်တခုကို စွမ်းရည် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ ဒေသတွင်း လူငယ်များ၊ အနာဂတ်ခေါင်းဆောင်များ တွေ့ဆုံရန် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်မယ့် လူငယ် ၄ ဦးကတော့ မဆုဝေစိုး၊ မောင်ဖြိုးသူရဌေး၊ မောင်အာကာမင်းအောင်နဲ့ မောင်ဝေယံမင်းဌေးတို့ပဲ ဖြစ်ပါတယ်။
မဆုဝေစိုးက ဒစ်ဂျစ်တယ်နည်းလမ်းများကို အသုံးပြုပြီး အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို အသိပညာပေးနိုင်မယ်ဆိုတဲ့ အိုင်ဒီယာများဖြင့် တယ်လီနောလူငယ်ဖိုရမ်မှာ အရွေးချယ် ခံခဲ့ရသူ ဖြစ်ပါတယ်။
မောင်ဖြိုးသူရဌေးကတော့ ကျောင်းသင်ခန်းစာမှာ ပါဝင်တဲ့အကြောင်းအရာတွေနဲ့ အမှန်တကယ် နားလည်သိရှိမှုတို့ဟာ စာသင်ကြားမှု ကို ပိုမိုတိုးတက်စေပြီး မြန်မာနိုင်ငံတွင် ကျောင်းသားဘဝ ပြန်လည်စိုပြေလာစေရန် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ရှိသူ တဦးပါ။ ထို့အတူပဲ မောင်အာကာမင်းအောင်ဟာလည်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အကောင်းဆုံးဖြစ်လာရန် လုပ်ဆောင်ချင်တဲ့ ရည်ရွယ်ချက်ရှိသူ လူငယ်တဦးပါ။
မောင်ဝေယံမင်းဌေးကတော့ တယ်လီနောရဲ့ အကူအညီနဲ့ မိုဘိုင်းနည်းပညာကို အသုံးပြုပြီး ကူးစက်ရောဂါတွေအကြောင်း လူအများ သိရှိစေဖို့ ဆောင်ရွက်ချင်တဲ့ လူငယ်တဦးပဲ ဖြစ်ပါတယ်။ အဆိုပါ စွန့်ဦးတီထွင်လူငယ် ၄ ဦးက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး Telenor Youth Forum Asia ကို တက်ရောက်ကြမှာပါ။
“မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်မယ့် လူငယ် ၄ ယောက်က လူငယ်တွေအပေါ် သက်ရောက်မှု အဓိကကျတဲ့ အချက်တွေကို ကူညီဆွေးနွေးခွင့်ရမှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ လက်တွေ့ဆောင်ရွက်မှု၊ စွန့်ဦးတီထွင်မှု လုပ်ငန်း ဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံတဝန်း အားကျလာအောင် သူတို့ တင်ပြလာမယ့် ဖြေရှင်းချက်တွေကို ပြသသွားဖို့ မျှော်မှန်းထားပါတယ်” လို့ တယ်လီနော မြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။
နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ Telenor Youth Forum ကို နိုဗဲလ်ငြိမ်းချမ်းရေးစင်တာနဲ့ ပူးပေါင်းပြီး နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကျင်းပလေ့ရှိပါတယ်။ အဆိုပါ Telenor Youth Forum ပွဲကို တယ်လီနော ဈေးကွက်ဖြန့်ကျက်ထားတဲ့ ဒေသများမှ ထူးချွန် လူငယ်တွေကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးနှင့် ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ရန် နှစ်စဉ် ကျင်းပပေးခြင်း ဖြစ်ပါတယ်။
အဲဒီပွဲမှာ နိုင်ငံ အသီးသီးက ထူးချွန်လူငယ်တွေက လူငယ်အချင်းချင်းချိတ်ဆက်ပြီး အသိပညာနဲ့ အတွေးအခေါ်တွေကို အချင်းချင်း ဖလှယ်ကြခြင်း ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ အော်စလိုမြို့မှာ ကျင်းပမြဲဖြစ်တဲ့ တယ်လီနောလူငယ်ဖိုရမ်ကို အာရှဒေသမှာ ပထမဦးဆုံး အကြိမ်အဖြစ် တိုးချဲ့ ပြုလုပ်ခြင်းဖြစ်ပြီး ဒေသတွင်း အခြေပြုဖိုရမ်တခုအဖြစ် လူငယ်တွေရဲ့ အဓိကကျတဲ့ အခက်အခဲတွေကို ဖြေရှင်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အဆိုပါ Telenor Youth Forum Asia ပွဲကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန် နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားပြု လူငယ် ၂၈ ဦး တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဆိုပါ လူငယ်များမှာ လွန်ခဲ့သော ၃ နှစ် အတွင်းက Global Telenor Youth Forum မှာ ပါဝင်ဆွေးနွေးခဲ့ကြသူများ ဖြစ်ပြီး တယ်လီနောရဲ့ အာရှဒေသဈေးကွက် နိုင်ငံ ၆ ခုကို ကိုယ်စားပြုပြီး တက်ရောက်ကြခြင်း ဖြစ်ပါတယ်။