တတိယအကြိမ်မြောက် နိုင်ငံတကာ အစားအသောက်၊ အဖျော်ယမကာနဲ့ ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများအတွက် ရည်ရွယ်တဲ့ Food & Hotel Myanmar 2016 ပြပွဲကို ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့၊ Myanmar Event Park (M.E.P) မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
နှစ်စဉ် ဇွန်လမှာ ကျင်းပမြဲဖြစ်တဲ့ အဆိုပါ အစားအသောက်နှင့် ဟိုတယ်လုပ်ငန်း နယ်ပယ်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြပွဲကြီးကို ယခင်အကြိမ်များထက် ပါဝင်ပြသသူနဲ့ ထုတ်ကုန် အသစ်များ ပိုမို ပါဝင်ပြသွားမှာဖြစ်ပြီး အရင်နှစ်တွေကထက် ၂၅ ရာခိုင်နှုန်း ပိုမို များပြားလာမယ်လို့ သိရပါတယ်။
နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ပါဝင်ပြသူ ၂၂၀ ကျော်နဲ့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနဲ့ တူရကီတို့မှ နိုင်ငံတကာပြခန်းတွဲပေါင်း ၆ ခန်းနဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှု အမျိုးအစားပေါင်း ၁၂၀၀ ကျော်ကို ပြသသွားမယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းဟာ တိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းဈေးကွက်ကြောင့် အလျင်အမြန် ဖွံ့ဖြိုးလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ မှတ်တမ်းချက်တွေအရ နိုင်ငံခြားခရီးဧည့်သည် ၄ ဒသမ၂ သန်းရှိခဲ့ပါတယ်။ အခု Food & Hotel Myanmar 2016 ပြပွဲကြီး ကျင်းပပြီးရင် ၅ သန်းအထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်” လို့ Bangkok Exhibition Services (BES) Ltd ရဲ့ အထွေထွေမန်နေဂျာ Mr. Justin Pau က ပြောပါတယ်။
ဆက်လက်ပြီး သူက အဆိုပါ Food & Hotel Myanmar 2016 ပြပွဲမှာ တတိယအကြိမ်မြောက် မြန်မာ့ အချက်အပြုတ်ဆိုင်ရာပြပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာရီစတာ တံခွန်စိုက်ပြိုင်ပွဲ၊ အစာအစာ ဘေးကင်း လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ ပထမအကြိမ် ကျင်းပမယ့် မြန်မာအမျိုးသား အစားအသောက် သိပ္ပံဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကိုပါ ပူးတွဲကျင်းပသွားမယ်လို့ ဆိုပါတယ်။
Food & Hotel Myanmar 2016 ပြပွဲကို Allworld Exhibitions ရဲ့ အဖွဲ့ဝင် Bangkok Exhibition Services (BES) Ltd မှ စီစဉ်ကျင်းပခြင်း ဖြစ်ပါတယ်။