အမေရိကန်ကုမ္ဗဏီထုတ် ကားအမျိုးအစားတခုဖြစ်တဲ့ အင်ဂျင်အသေးစားတပ်၊ ကိုယ်ထည်သေးဖြစ်တဲ့ Chevrolet Cruze နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပြည်တွင်းမှာတော့ Show Room ဖွင့်ပြီး အသစ်စက်စက် ကားသစ်တွေ လာရောက်ရောင်းချနေပြီဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းကလည်း အာရှထုတ် ဆီဒင်တွေနဲ့ ဆင်တူ လာပြီး ဆွဲဆောင်မှုကောင်းလာပါတယ်။ မော်ဒယ်ရဲ့ အတွင်းပိုင်း အပြင်အဆင်က တကယ်ကို ဆွဲဆောင်မှု ကောင်းပါတယ်၊ တန်ကြေးနည်း မော်ဒယ်ဖြစ်လို့ ဇိမ်ခံအဆင့်မရှိပေမယ့် ဆွဲဆောင်မှု အားကောင်းနေတာပါ။
လူငယ်ကြိုက် ဖန်တီးထားသလို အထိုင်စနစ်၊ အနေအထား၊ တည်ဆောက်ထားရှိမှု၊ အပြင်အဆင်၊ အားလုံးက ခေတ်ဆန်ပါတယ်၊ ခေတ်မီပါတယ်၊ ခေတ်ရှေ့ပြေးပါသေးတယ်။ နောက်ပြီးတော့ Ecoမော်ဒယ် အဖြစ်နဲ့ပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာ ၁ ဒသမ ၈လီတာသုံး Sedanဖြစ်ပြီးတော့ ၁ ဒသမ ၄လီတာ သုံးTurbochargedအင်ဂျင်တပ် မော်ဒယ်လည်း ရရှိနိုင်ပါသေးတယ်။ လျှပ်စစ် စနစ်သုံး Feature ပိုင်းတွေဟာ အသုံးတည့်တယ်၊ အသုံးလွယ်တယ်၊ နားလည်လွယ်တယ်၊ ထိရောက်တယ်၊ ကောင်းမွန်တယ်၊ ပြီးတော့ လက်ကိုင်ပိုင်း၊ စိတ်ကြိုက်ယုံကြည်ရမှု ဆိုတဲ့ မှတ်ချက်ကောင်းကို ရရှိထားပါသေးတယ်။
ဒါပေမယ့် ထိုင်ခုံပိုင်းမှာတော့ ဒီဇိုင်း၊ အပြင်အဆင်၊ စီးနင်း လိုက်ပါရတဲ့ အချိုးအဆစ်၊ ဒီအပိုင်းတော့ စိတ်ကြိုက် မဖြစ်လှပါဘူး။ သက်တောင့်သက်သာ ဖြစ်မှု လိုအပ်နေသလို ခံစားမိပါတယ်။ ပြီးတော့ Autoစနစ်နဲ့ မော်ဒယ်ကို သိပ်မကြိုက်မိပါဘူး။ ဂီယာချက် တစ်ချက်နဲ့ တစ်ချက် အပြောင်းမှာ Manualစနစ်နဲ့ မော်ဒယ်တွေက ထူးခြား တာ မတွေ့ပေမယ့်၊ Autoမှာတော့ နည်းနည်း ချော်တဲ့ အထိအတွေ့မျိုး ခံစားရသလိုပါပဲ၊ ဒါပေမယ့် ချော်တာ မဟုတ်ဘူးနော်၊ ချော်သလို ဖြစ်နေတာကို ပြောတာပါ။ ကိုယ်ထည်အရောင် ၈ရောင် ထုတ်လုပ်တာ တွေ့ရသလို အတွင်းပိုင်းက အထည်ဦးစားပေးနဲ့ ၂မျိုးလာပါတယ်။ အလတ်တန်းစား Sedanဖြစ်ပြီးတော့ အလျားက ၁၅ပေနဲ့ ၁လက်မ၊ မျက်နှာစာ အကျယ်က ၅ပေနဲ့ ၁၁လက်မ၊ အမြင့်က ၄ပေနဲ့ ၁၀လက်မ ရှိပါတယ်။ အမြင့်ဆုံး တင်ဆောင်ရုန်းကန်နိုင်မယ့် ဝန်ပမာဏက ပေါင် ၁၀၀၀ ဖြစ်ပြီးတော့ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၁၀၀ ရှိပါတယ်။
အင်ဂျင်ကို ကြည်မယ် ဆိုရင် ၁ ဒသမ ၈လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၃၈၀၀မှာ ရုန်းအားက ၁၂၅ပေ-ပေါင် ရှိမှာ ဖြစ်သလို ထွက်ရှိလာမယ့် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၁၃၈ကောင်အား ဖြစ်ပါတယ်။ ရှေ့ဘီးယက် စနစ်နဲ့ ဖြစ်ပြီး ကိုယ်ထည် ပေါ့ပါးအောင် ဖန်တီးထားသလို ရုန်းအားလည်း နည်းတာကြောင့် ဆီစားချိုတာ တွေ့နိုင်ပြီး ပျမ်းမျှ ဆီတစ်ဂါလံကို ၃၁မိုင်ထိအောင် စီးနင်းနိုင်မှာပါ။
Cityအတွက် ဆိုရင် ၂၅မိုင်နဲ့ Highwayအတွက် ဆိုရင် ၃၆မိုင်လောက်ထိအောင် မောင်းလို့ရပါမယ်။ တပ်ဆင် ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၅ ဒသမ ၆ ဂါလံ ဖြစ်ပါတယ်။ Transmissionအပိုင်းမှာက Manualအဖြစ်နဲ့လည်း ရနိုင်သလို Autoအဖြစ်နဲ့လည်း လာပါတယ်။ ရွေးချယ်နိုင်စရာ အင်ဂျင်စနစ် အများအပြား ထုတ်လုပ်တာ တွေ့နိုင်ပြီး အသေးဆုံး ၁ ဒသမ ၄လီတာသုံး အင်ဂျင်တပ် မော်ဒယ်ကတော့ စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိမှာ မဟုတ်ပဲ City သီးသန့် အနေလောက်နဲ့သာ သုံးနိုင်မှာ ဖြစ်ပါတယ်။
၁ ဒသမ ၈လီတာသုံး မော်ဒယ်ကတော့ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၉ ဒသမ ၂စက္ကန့်နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဘရိတ်ပိုင်းမှာ ထိန်းချုပ်ရပ်တန့်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၁၂၂ပေ ယူမှာ ဆိုတော့ ပုံမှန်နှုန်းထက် အနည်းငယ် ပိုကောင်းနေသလို ပြိုင်ဖက်တွေကို အသာရနေတဲ့ အချက်လည်း ဖြစ်လာပါတယ်။
ကားတစ်စီးလုံးရဲ့ အကြမ်းခံနိုင်မှု၊ လုံခြုံစိတ်ချရမှုကတော့ အမေရိကန် အခြေစိုက် မော်တော်ယာဉ် စစ်ဆေး ရေးအဖွဲ့ရဲ့ မှတ်ချက် ကြယ်လေးပွင့်ခွဲရရှိထားပြီး အသက်ကယ် လေအိတ်စနစ် အပြည့်အစုံကို ထည့်ထားတာ တွေ့ရပါတယ်။