စိတ်ကြောင့် ဖြစ်သော ပန်းချီ (သို့မဟုတ်) ဒြပ်မဲ့ ပန်းချီဟာ နိုင်ငံတကာ အနုပညာနယ်ပယ်မှာတော့ ကျယ်ပြန့် အားကောင်းတဲ့ အနုပညာ ပုံဖော်ဖန်တီးမှုပါ။ ယခင်က ဖန်တီးတင်ပြမှု နည်းပါးခဲ့ပေမယ့် နိုင်ငံရဲ့ အပြောင်းအလဲနဲ့ အတူ မြန်မာနိုင်ငံမှာလည်း ဒြပ်မဲ့ပန်းချီ ရေးဆွဲတင်ပြမှုတွေ အားကောင်းမောင်းသန် ပေါ်ထွက်လာတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်၊ မေ ၂၀ ကနေ ၂၃ ရက်နေ့ အထိ ရန်ကုန်ရှိ Gallery 65 မှာ ကျင်းပမယ့် ပန်းချီ လှမြင့်မောင်ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲမှာ ပြသမယ့် ပန်းချီကား ၃၀ ထဲမှာ ဒြပ်မဲ့ပန်းချီကား အများစု ပါဝင်နေပါတယ်။
ဂျာမန် ခရီးသွား ဧည့်လမ်းညွှန်တဦး ဖြစ်ပြီး၊ ငယ်စဉ်ကတည်း ပန်းချီရေးဆွဲဖို့ ဝါသနာကြီးခဲ့သလို စာဖတ်ရတာကိုလည်း နှစ်သက်တဲ့ ပန်းချီ လှမြင့်မောင်က “အရင်က Landscape Paintings, Portrait Paintings, Figurative Paintings နဲ့ Surreal Mood Expressive Paintings တွေရေးဆွဲပြီး အခု ဒြပ်မဲ့ ပန်းချီကို ရေးဆွဲ ဖြစ်တာက စိတ်ကိုယ်က ပြောင်းသွားတာပါ၊ ပန်းချီရေးရင် ဓာတ်ပုံတွေ ဘာတွေ မသုံးဘဲ စိတ်မှာ ထင်တဲ့ Object ကိုသာ ရေးပါတယ်။ Portrait ပုံတူရေးတာကလွဲလို့ပေါ့။ စိတ်က ပြောင်းလာတော့ ကိုယ်ရေးတဲ့ ဓားချက် စုတ်ချက်တွေ Texture တွေရဲ့ အလှကို ရှာတွေ့လာတယ်၊ Object ရုပ်ဝတ္ထုတွေထက် အရောင် ဖက်စပ်မှုရဲ့ အလှဗေဒကို ရှာတွေ့ လာတယ်၊ ဘာမှ မဟုတ်တဲ့၊ အကောင်အထည်ဒြပ် မပါတဲ့ အလှရဲ့ လွှမ်းမိုးမှုကို စိတ်က ခံစားရတယ်၊ လွပ်လပ်မှုကို ရှာတွေ့သွားတယ်၊ ဒြပ်ရဲ့ ပိတ်လှောင်မှုကို ဖောက်ထွက်နိုင်ခဲ့တာလို့ ကျနော် ထင်ပါတယ်” လို့ ပြောပြပါတယ်။

သူ့ ပြပွဲရဲ့ ရည်ရွယ်ချက်က စိတ်ခံစားမှု အားပြုတဲ့ အရောင်တွေရဲ့ လှည့်ဖြားဆန်းသစ်ခြင်းကို တင်ပြတာ ဖြစ်တယ်၊ လွယ်လွယ်ပြောရရင် စိတ်ထဲက အရောင်တွေကို ကင်းဘတ်ပြားပေါ်တင်တာပဲ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
အသက် ၆၂ နှစ်အရွယ် ပန်းချီ လှမြင့်မောင်ဟာ ခရီးသွားတဲ့ အခါတွေမှာ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ အထူးသဖြင့် ရှုခင်းပုံများ၊ ကျေးလက်လူနေမှု ဘဝများ၊ တိုင်းရင်းသားများ ရိုးရာပုံများကိုလည်း မှတ်တမ်းတင် ရိုက်ကူးတဲ့အပြင် တချို့ ဓာတ်ပုံလက်ရာတွေနဲ့ ကဗျာလေးတွေပါ တွဲစပ်တင်ပြတာမျိုး၊ သူ့ရဲ့ ပန်းချီကားတွေနဲ့ တွဲစပ်တင်ပြတာမျိုးလည်း ရှိပါတယ်။
သူပြောပြတာက “ကဗျာကတော့ ၁၉၆၉ ခု ဘားမားစတား နောက်ကျော ကဗျာတွေက စတာပါ။ နောက် ကျောင်း နံရံကပ် GTI မှာ လှမြင့်မောင် ကလောင်ကို ယူရေးခဲ့ပါသေးတယ်။ အဲဒီပိုးကို သတ်မရတောာ့ ဖေ့စ်ဘုတ်ပေါ်မှာ ကဗျာနဲ့ တွဲပြမိတာပါ။ ပန်းချီကား အားလုံး ဓာတ်ပုံ အားလုံးတော့ မဟုတ်ဘူး။ ဓာတ်ပုံပဲ ရိုက်ရိုက်? ပန်းချီပဲ ဆွဲဆွဲ ခံစားနေမိပြီး ရေးဖြစ်တာaတွ များပါတယ်။ အားလုံးဟာ ကြိုတင် ကြံစည်ထားတာ မဟုတ်ဘဲ လက်တန်း ရေးတာတွေပါ” လို့ ပြောပြပါတယ်။
၁၉၅၄ ခုနှစ်၊ ရန်ကုန်မြို့ အလုံမြို့နယ်ဖွား ပန်းချီ လှမြင့်မောင်ဟာ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေကို ပုံတူရေးဆွဲ ပေးခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာ ဆရာဦးဘလွင်ရဲ့ လူပုံ ရေးဆွဲနည်း စာအုပ်နဲ့ စကျင့်ခဲ့ပြီး၊ နောက် ကာတွန်း ဝင်းမောင်ရဲ့ ကာတွန်းပုံ ရေးဆွဲနည်းကို လေ့ကျင့်ခဲ့ပါတယ်။ ၁၉၇၇ က ၁၉၇၈ ခုနှစ်များ အတွင်း ဖန်မီးအိမ်လေးများ အပေါ်မှာ ပန်းပုံများ၊ ဘုရားပုံများ ရေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ခရီးသွား ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ရင်း ပန်းချီ လောကနဲ့ နှစ်အတန်ကြာ ကင်းကွာသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မတ်လမှာတော့ သူဟာ ပန်းချီလောကထဲကို ပြန်လည် ဝင်ရောက်လာပြီး၊ ပြည်တွင်း အုပ်စုပန်းချီပြပွဲ ၄၀ ကျော်၊ ပြည်ပပန်းချီပြပွဲ ၄ ပွဲမှာ ပါဝင်ပြသနိုင်ခဲ့ပါတယ်။ ယခု ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေက ၂၀၁၅ ကနေ ၂၀၁၆ အတွင်း ဖန်တီးရေးဆွဲလာတာ ဖြစ်ပါတယ်။

အနုပညာဗီဇ အခံစိတ်နဲ့ အနုပညာ ဖန်တီးမှုနဲ့ ပတ်သက်ပြီး “အနုပညာဟာ လုပ်ယူလို့မရဘူး၊ မွေးရာပါ အနုပညာဗီဇ ပါတဲ့သူဟာ နေတာထိုင်တာ ပြောတာ ရေးတာ တွေးတာ တခြားလူတွေနဲ့ မတူဘူး။ နွေဦးရွက်ကြွေကို မြင်ရင် သူ ခံစားရတယ်၊ ရွက်ကြွေအကြောင်းဖွဲ့တဲ့ ကဗျာတွေ သီချင်းတွေ သူ့ခေါင်းထဲ ဝင်လာတယ်ပေါ့။ မိုးလေး တပြိုက် လောက်ရွာရင် မိုးဘွဲ့တွေ၊ မိုးသီချင်းတွေ ညည်းမိ ဆိုမိ။ အဲ … ဆောင်းနှင်းတွေ ကျပြန်တော့ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် ဖြစ်ပြန်ရော။ ပျော့ပျောင်းတဲ့ နှလုံးသားနဲ့ အနုပညာဗီဇ အားကြီးရင် ကြီးသလို ဖန်တီးနိုင်မှု မြင့်မား တယ်။ ကျနော့် ပန်းချီနဲ့ ပတ်သက်လို့အခုလက်ရှိ ကိုယ်ပိုင်ရေးဟန်ဟာ Auto-Kinetic အလိုအလျောက် ဖြစ်ပေါ်မှု နောက်ကို လိုက်ရေးတာပဲ” လို့ ပန်းချီလှမြင့်မောင်က ပြောပါတယ်။
အနုပညာ အားကောင်းတဲ့ လက်ရာတွေ ရရှိဖို့ ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတဲ့ အကြောင်း သူက “ဓာတ်ပုံထက် မြင့်တဲ့ အနုပညာတရပ်ကို ဖန်တီးရင် ဓာတ်ပုံကို အားကိုးလို့မဖြစ်ဘူး၊ အမြင့်ဆုံးတွေးနိုင်တာက စိတ်ပဲ၊ အဲဒီ စိတ်ကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း မော်ဒန်လွန် ခေတ်ပြိုင်ဖန်တီး ပန်းချီဆရာ ဖြစ်လာတာဘဲ။ Abstract ရေးလို့ Subject မပါဘူး မထင်ပါနဲ့၊ အဲဒီဓားချက် စုတ်ချက်တွေဟာ Subject တွေပဲ။ နိုင်ငံတကာစာပေတွေ ဖတ်မယ် ပန်းချီကား များများ ရေးမယ်ဆိုရင် အားရှိတဲ့ အတွေးမြင့်တဲ့ ပန်ချီကားတွေ ဖန်တီးနိုင်မယ်လို့ယုံကြည်ပါတယ်” လို့ ဆိုပါတယ်။