Park Royal ဟိုတယ်က စီချွမ်ဘူဖေး
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့၊ အလံပြဘုရားလမ်းပေါ်က Park Royal ဟိုတယ်ရဲ့ ဖိတ်ခေါ်မှုကြောင့် “တရုတ်စီချွမ်း အစားအစာ ဘူဖေး” အရသာ မြည်းစမ်းဖို့ ပြီးခဲ့တဲ့ တပတ်က ရောက်ခဲ့ပါတယ်။
Park Royal ဟိုတယ်ရဲ့ ပထမထပ်မှာ ရှိတဲ့ “Si Chuan Dou Hua” တရုတ် စားသောက်ဆိုင်က ဝင်ဝင်ချင်း ဖွင့်ထားတဲ့ တရုတ်တီးလုံးသံနဲ့ ပြင်ဆင်ထားတဲ့ တရုတ်ရိုးရာ အပြင်အဆင်တွေက အစားအသောက်တွေ မစားခင် လာရောက်စားသုံးသူတွေကို အထူး ဆွဲဆောင်ထားပါတယ်။

စားပွဲဝိုင်းမှာ ထိုင်ထိုင်ချင်း လာရောက်ချပေးတဲ့ တရုတ် Jasmine Tea လေးက အန့ံ့သင်းသင်းလေးနဲ့ အစာအစားခင် အရင်သောက်တာ သောက်လို့ အတော်လေးကောင်းပါတယ်။ ကျနော်တို့ သွားစားတာက တရုတ်ဘူဖေးဆိုပေမယ့် ဒီမှာ ထူးခြားချက်က ဘူဖေးကို ကိုယ်တိုင် သွားယူ စားရတာမျိုး မဟုတ်ပါဘူး။
Menu ထဲမှာ ပါတဲ့ အစားအစာတွေကို မှာရင်မှာသလောက် ကြိုက်သလောက် အဝစား လာချ ပေးတာပါ။ ပြီးတော့ အစားအစာတွေကို ကြိုတင်ပြင်ဆင်ထားတာမျိုး မဟုတ်ဘဲ မှာယူတဲ့အခါမှ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ချက်ပြုတ်ကြော်လှော် ပြင်ဆင်ပေးတယ်လို့ သိရပါတယ်။
တရုတ်အစားအစာ အရသာစုံကို မြည်းစမ်းကြည့်ချင်တဲ့ ကျနော်ကတော့ ဒီမှာ ဘူဖေးလာစားတဲ့ အခါ အမှာများပြီး လူကြိုက်များတဲ့ စီချွမ်းအစားအစာတချို့နဲ့ Menu မှာ ထူးထူးခြားခြားဖြစ်မယ်ထင်တဲ့ မမြည်းစမ်းဖူးသေးတဲ့ တရုတ်အစားအစာ တချို့ကို မှာယူလိုက်ပါတယ်။ အစားအစာတွေ မှာယူပြီး ၁၅ မိနစ်ခန့်အကြာမှာ စားပွဲတွေ တပွဲပြီးတပွဲ ရောက်ရှိလာပါတယ်။
တရုတ်အစားအစာတွေက Main Dish (အဓိက ဟင်းလျာ) တွေ မလာခင်မှာ အရင်ဆုံး Appetizer တွေ အရင်ချပါတယ်။ Chinese Appetizer တွေ အနေနဲ့ ရေခူသုတ်၊ စီချွမ် Dumpling၊ အသားပေါင်း၊ ဖက်ထုတ် အစရှိတာတွေနဲ့ ကြက်ကင်၊ ဘဲကင်၊ Wine Marinated Chicken (ဝိုင်နဲ့ နှပ်ထားတဲ့ ကြက်သားပေါင်း) ၊ ပုစွန်ချိစ်လုံးကြော်၊ ပူစွန်ကပ် တိုဟူးကပ်ကြော် စတဲ့ အမယ်ပေါင်းများစွာကို တခုပြီး တခု မြည်းစမ်းခဲ့ပါတယ်။
မြည်းစမ်းခဲ့တဲ့ အစားအစာတွေရဲ့ အရသာတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ရေခူသုတ်က တရုတ် စတိုင် ချိုချိုချဉ်ချဉ် စပ်စပ်လေး သုတ်ထားတာတွေ့ရပြီး အခြား ဖက်ထုတ်၊ အသားပေါင်း၊ စီချွမ် Dumpling စတာတွေကတော့ အသားကို နူးညံ့နေအောင်ပေါင်းထားပြီး ပြုလုပ်ထားတဲ့ အရွယ်အစား ကလည်း မကြီးလွန်းမသေးလွန်းတာကြောင့် Main Dish မစားခင် အဆာပြေစားရတာ အီမနေပါဘူး၊ စားလို့ကောင်းပါတယ်။

ထူးခြားတာတခုကတော့ ဝိုင်နဲ့ ကြက်သားကို နှပ်ပြီး ပေါင်းထားတဲ့ ဝိုင်နံ့သင်းသင်းလေးနဲ့ Wine Marinated Chicken ပါ။ နူးညံ့တဲ့ ကြက်သားအရသာထဲကို စိမ့်ဝင်နေတဲ့ ဝိုင်အရသာကလည်း ခံတွင်းထဲမှာ တမျိုးလေး စူးရှရှနဲ့ စားကောင်းပါတယ်။ ပုစွန်ချိစ်လုံးကြော်၊ ပူစွန်ကပ် တိုဟူးကပ်ကြော် စတဲ့ အကြော်တွေကတော့ ပုစွန်ကြိုက်တဲ့ ကျနော့်အတွက် အကြိုက်ပါပဲ။
Main Dish အနေနဲ့ လာချပေးတဲ့ စီချွမ်စတိုင် ကြက်ကြော်အစပ်၊ အမဲသား အချိုဟင်းလျာ၊ ပုစွန်ကြော်၊ စီချွမ် တိုဟူးအစပ်ချက်၊ စီချွမ်စတိုင် ထမင်းကြော် (အမှန်က စီချွမ်ထမင်းကြော် မရှိပါဘူး၊ စားသုံးသူတွေ တောင်းဆိုမှုအရ စီချွမ်စတိုင် အစပ်ကြော်ပေးတဲ့ ထမင်းကြော်) နဲ့ စီချွမ် ခေါက်ဆွဲပြုတ် တို့ကို ဆက်လက်အရသာ မြည်းစမ်းပါတယ်။

စီချွမ်စတိုင် ကြက်ကြော်အစပ်ကတော့ ငရုတ်သီး အခြောက်နဲ့ စပ်စပ်လေး ကြော်ထားတာပါ။ အရသာက အရမ်းလည်း မစပ်လွန်း မပူလွန်းဘဲ ခပ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။ အစပ် ကြိုက်သူတွေ အကြိုက်တွေ့မယ့် စီချွမ်ကြက်ကြော်လို့ ညွှန်းချင်ပါတယ်။
ဒီနေရာမှာ ကြုံလို့ စီချွမ်စတိုင် ဟင်းချက်နည်း ၄ မျိုးကို ပြောပြချင်ပါတယ်။ စာဖိုမှူးရဲ့ ပြောပြချက်အရ ငရုတ်ကောင်းကို ချေပြီးချက်တဲ့ပုံစံ၊ ငရုတ်သီးကို လုံးပြီးချက်တဲ့ ပုံစံနဲ့ ငရုတ်သီး အစို၊ အခြောက် ၂ မျိုးနဲ့ ချက်နည်း စတဲ့ နည်းလမ်း ၄ ခုနဲ့ စီချွမ်ဟင်းလျာတွေကို စီမံ ကြော်လှော်ချက်ပြုတ် ဖန်တီးတယ်လို့ သိရပါတယ်။

အမဲသားကို ခပ်ချိုချို ချက်ထားတဲ့ ဟင်းလျာကတော့ Imported Beef ဖြစ်တာကြောင့် စားရတာ နူးညံ့နေပြီး တရုတ်ဟင်းလျာထဲမှာ အမဲသားကိုစားရတော့ ခပ်ဆန်းဆန်းပါပဲ။ လူကြိုက်များတဲ့ ပုစွန်ကြော်ကတော့ အခွံပါစားလို့ရအောင် ကြွပ်နေအောင် ကြော်ထားတာ တွေ့ရပြီး စီချွမ်စတိုင် တိုဟူး အစပ်ချက်ကလည်း စားရတာ ချိုချိုစပ်စပ်နဲ့ အရသာထူးခြားကောင်းမွန်ပါတယ်။
စီချွမ်စတိုင် ထမင်းကြော်ကတော့ အနည်းငယ် မာတောင့်တာကလွဲလို့ အရသာကတော့ အစပ်ကြိုက် သူတွေအတွက် အရမ်းမစပ်လွန်းဘဲ ခပ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။ စီချွမ် ခေါက်ဆွဲပြုတ် အရသာတော့ ခေါက်ဆွဲသားက ရှမ်းဆန်စီးခေါက်ဆွဲသားလို ခေါက်ဆွဲမျိုးဖြစ်ပြီး ပဲငပိနဲ့ ပြုတ်ထားတာကြောင့် ပဲငပိအရသာသင်းသင်းလေးနဲ့ ခေါက်ဆွဲသား နူးနူးညံ့ညံ့လေးက အရသာ ကောင်းပြီး စားလို့လည်း ခံတွင်းမြိန်ပါတယ်။
ကျနော်စားခဲ့တဲ့ တရုတ်စီချွမ်ဘူဖေးကတော့ ဟင်းအမည်၊ ဟင်းလျာ ဟင်းအရံတွေ စုံလင်လှပြီး အရသာကလည်း တခုချင်းစီမှာ တမျိုးချင်းစီ ထူးခြား ကောင်းမွန်ပါတယ်။ ဘူဖေးကိုလည်း ကိုယ်တိုင် သွားယူစရာမလိုဘဲ Menu ထဲမှာ ပါတဲ့ အစားအစာတွေကို ကြိုက်သလောက်၊ စားချင်သလောက် မှာယူလို့ရပါတယ်။
ဘူဖေးသွားစားမယ်ဆိုရင် လူကြီးတဦး အမေရိကန်ဒေါ်လာ ၃၃ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ကလေးတဦးကို ၁၆ ဒေါ်လာပါ။ မနက်ပိုင်းမှာ မနက်စာအဖြစ် “Si Chuan Dou Hua” တရုတ် စားသောက်ဆိုင်မှာ “88 Items Dimsun Buffet” ရှိပါသေးတယ်။
ဒင်းမ်ဆမ်း အသားပေါင်း ၈၈ မျိုး ပါဝင်တဲ့ အဆိုပါ မနက်စာ ဘူဖေးကိုတော့ လူကြီးတဦး အမေရိကန် ဒေါ်လာ၂၅ ဒေါ်လာ၊ ကလေးက တဝက်ငွေ ကျသင့်မှာဖြစ်ပြီး ၆ နှစ်အောက်ဆိုရင်တော့ အခမဲ့ Free လို့ သိရပါတယ်။
လိပ်စာ – “Si Chuan Dou Hua” စားသောက်ဆိုင်၊ အလံပြဘုရားလမ်း၊ Park Royal ဟိုတယ်၊ ရန်ကုန်မြို့။