Lifestyle

သင် သိထားသင့်တဲ့ အယ်လ်ဇိုင်းမား မေးခွန်းများ

This article has been converted from Zawgyi One to Unicode

“သူငယ်ပြန်တယ်” လို့ ယေဘုယျ ခေါ်ကြပေမယ့် အဓိပ္ပာယ် တိတိကျကျ ပြောမရတဲ့  အယ်လ်ဇိုင်းမား (Alzheimer) ရောဂါကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင် သိရှိလာနေကြချိန်မှာ ဝေဒနာဆိုင်ရာ အခြေခံလေးတွေ ဗဟုသုတ ဝေမျှချင် ပါတယ်။

သတိမေ့လျော့တာ အယ်လ်ဇိုင်းမားလား

တချို့က မေ့လျော့တတ်တဲ့ Dementia ကို အယ်လ်ဇိုင်းမားနဲ့ တူတယ် ထင်ကြတယ်။ တကယ်တော့ Dementia ဆိုတာက လက္ခဏာ အစုအဝေးတခုပါ။ လေ့လာသင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ ချို့တဲ့တာပါ။ အယ်လ်ဇိုင်းမား Dementia ရဲ့ အတွေ့များတဲ့ ဝေဒနာတခုမျှသာပါ။ Dementia မှာ တခြား အကြောင်းမျိုးစုံကြောင့် ဖြစ်တာတွေ ရှိပါတယ်။ ဦးနှောက် သွေးကြောတွေကျဉ်းလို့ Parkinson ရောဂါ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ အရက်စွဲတာ၊ စိတ်ကျတာ၊ ဦးနှောက် ထိခိုက်ဒဏ်ရာ စတာမျိုးတွေပေါ့။ အကြောင်းရင်းကို ကုလိုက်ရင်တော့ ပြန်ကောင်းသွားတတ်ကြပါတယ်။

ဝိုင်နီ သောက်ရင် အယ်လ်ဇိုင်းမား အဆင်ပြေသလား

တကယ်တော့ အယ်လ်ဇိုင်းမားကို ပျောက်စေတဲ့ အစားအစာ၊ ဆေးဝါး မရှိပါဘူး။ ဝိုင်နီလို စပျစ်သီးက ထုတ်တဲ့ အရာမျိုးမှာ မင်တီအောက်ဆီးဒင့် ပါလို့ နာတာရှည် ရောဂါတွေ ကာကွယ်နိုင်လိမ့်မယ်လို့ ခြုံပြောကြတာပါ။ ဗီတာမင် အီး၊ ဗီတာမင် စီ၊ Co enzyme Q10 စတာတွေလည်း ဒီလိုပဲ ပြောကြတာပါ။ အကြမ်းအားဖြင့်တော့ အသီးအရွက်တွေ၊ ငါးတွေ၊ အစေ့အဆံတွေ များများစားတာက ဦးနှောက်ကို အထောက်အကူ ပြုစေတယ်လို့ ယူဆကြတာမျိုးပါ။

အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ

အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေမှာ နံပါတ် ၁ ကတော့ အသက်အရွယ်ပါ။ အိုလေ ဖြစ်ဖို့ များလေပေါ့။ ဘာကြောင့် ဆိုတာတော့ တိတိကျကျ ပြောမရသေးပါဘူး။ တချို့အမှတ်မှားနေသလို အလူမီနီယမ် စည်သွပ်ဗူးတွေ၊ အိုးခွက်တွေ၊ တုပ်ကွေး ကာကွယ်ဆေး ထိုးတာတွေ၊ သကြားအတု စားတာတွေ၊ ငွေသွားစိုက်တာတွေကြောင့် မေ့လျော့တဲ့ ဝေဒနာ မဖြစ်တာတော့  သေချာတယ် လို့ ဆိုပါတယ်။

မျိုးရိုးလိုက်သလား

အယ်လ်ဇိုင်းမား ရောဂါသည်တွေရဲ့  ၅ ရာခိုင်နှုန်းလောက်သာ မိဘ တဦးဦးမှာ ဝေဒနာခံစားဖူးတာ တွေ့ရတာကြောင့် မျိုးရိုး လိုက်တယ်လို့ ပြောမရပါဘူး။ သုတေသနပြုချက်တွေအရ ဖြစ်နိုင်ခြေ လျှော့ချဖို့ ကိုယ်အလေးချိန် ထိန်းတာ၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာတွေ စားတာ၊ ကိုယ်လက်လှုပ်ရှား လုပ်တာ၊  နှလုံးနဲ့ ဆီးချိုရောဂါတွေ ထိန်းပေးတာတွေ လုပ်သင့်တယ် လို့ ဆိုကြပါတယ်။

အယ်လ်ဇိုင်းမား ဘယ်အချိန်စသလဲ

တကယ်တော့ အယ်လ်ဇိုင်းမား ပီပီပြင်ပြင် ဖြစ်ပြီး ဦးနှောက်ချို့ယွင်းမှုတွေ မဖြစ်ခင် နှစ် ၂၀ လောက် ကတည်းက အဦးအစ လက္ခဏာတွေ ရှိနေပါပြီတဲ့။ လုပ်ပြီးသားကို ထပ်ထပ်လုပ်တာ၊ ဟိုဟာမေ့ ဒီဟာပျောက် ဖြစ်တာတွေက ဆက်နွှယ်နေတဲ့ လက္ခဏာတွေပါလို့ ဆိုပါတယ်။ အရေးကြီးတဲ့ အစည်းအဝေးလိုမျိုးတွေ ခဏခဏ မေ့တာဆို ပုံမှန် မဟုတ်တော့ပါဘူး။ သော့ကို ထားနေကျနေရာမှာ မထားတာက ပုံမှန်ဆိုပေမယ့် သော့ကို မီးဖိုပေါ်တင်ခဲ့ပြီး ပျောက်သွားတယ်လို့ ကျန်သူတွေကို စွပ်စွဲနေတာမျိုးတွေ ဆိုရင်တော့ အယ်လ်ဇိုင်းမား ဖြစ်လာမယ့် ရှေ့ပြေးတွေလို့ ဆိုပါတယ်။

လူတိုင်းဖြစ်သလား

အသက်ကြီးပြင်းလာရင် အယ်လ်ဇိုင်းမား ဖြစ်တတ်တယ်၊ ၆၅ နှစ်ကျော်ရင် ဖြစ်စပြုကြတယ် ဆိုပေမယ့် လူတိုင်းတော့ မဖြစ်ပါဘူး။ အသက် ၈၅ နှစ်လောက် အထိရှိသူတွေမှာ ၅၀ ရာခိုင်နှုန်းလောက်တော့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေး

တိတိကျကျ မပြောနိုင်ပေမယ့် အယ်လ်ဇိုင်းမား ကာကွယ်ဖို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ အသစ်အဆန်းတွေ သင်ယူမှု ပြုနေတာက ဦးနှောက် မှတ်ဉာဏ်ထိန်းပေးတယ်လို့ ဆိုပါတယ်။ နေ့စဉ် ကိုယ်လက် လှုပ်ရှားမှုတွေ၊ လူမှုရေး ဆောင်ရွက်တာတွေလည်း တွဲဖက် လုပ်ဆောင်သင့်ပါသတဲ့။

အယ်လ်ဇိုင်းမား ဖြစ်နေသူကိုတော့ မိသားစုဝင်တွေကပဲ ထိန်းသိမ်း စောင့်ရှောက်ပေးတာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ စရိတ်စကနဲ့ ကရိကထ အတွက် မိသားစုကသာ အဆင်ပြေပါတယ်တဲ့။ အယ်လ်ဇိုင်းမား ကင်းနိုင်ကြပါစေ။

Loading