လက်ရှိမှာ ကားပါကင်ထောက်ခံချက်တွေ ပိတ်ထားလို့၊ အပ်ကားရှားပြီး စလစ်တွေ ဈေးတက်လို့၊ အကောက် ခွန် ပုံစံ ပြောင်းသွားလို့၊ အခွန်ကောက်ခံမှု တင်းကျပ်လာလို့ စတဲ့ အချက်တွေနဲ့ အတူ မြင့်တက်နေတဲ့ ကားဈေး တွေကြားထဲမှာ မော်ဒယ်နိမ့်ပေမယ့် အရည်အသွေးလည်း သင့်သလို ဈေးလည်း ချိုချိုနဲ့ ရနိုင်မယ့် Spacio မော်ဒယ် အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
အိမ်စီး ကားတစ်စီး အနေနဲ့ သင် ဘယ်လောက်ထိအောင် အနိမ့်ဆုံး ဈေးပေးပြီး ဝယ်မယ်လို့ စိတ်ကူး ထား ပါသလဲ။ လက်ရှိ စလစ် တစ်စောင်တောင် သိန်း ၈၀လောက် ပေါက်နေချိန်မှာ အိမ်စီး မော်ဒယ် တစ်စီးရဲ့ အနည်း ဆုံး ဈေးနှုန်းက သိန်း တစ်ရာလောက်တော့ ရှိနေမှာပါ။ ထားပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးချိုချိုနဲ့ ဝယ်ထားလိုက်လို့ နောက်ပိုင်း တက်ဈေးဖြစ်မယ် ဆိုရင်လည်း ကိုယ့် အတွက်ကျန်မယ်၊ ကျဈေးဖြစ်သွား ရင်လည်း ကိုယ့် အတွက် ခံသာပါတယ်။ ဒါပေမယ့် မော်ဒယ်လေး နိမ့်တာ တချက်တော့ သည်းခံ ပေးရပါလိမ့်မယ်။
Spacioဆိုတာကတော့ Toyotaရဲ့ မော်ဒယ် တခုပဲ ဖြစ်ပြီး အခု နောက်ပိုင်း မော်ဒယ်မြင့် အနေအထားနဲ့တော့ ဈေးကွက် အဝင်နည်းပြီး Fitနဲ့ ဆင်တူတဲ့ ရုပ်ထွက်မျိုး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ကီလို တစ်သိန်း နှစ်သောင်းလောက် မောင်းထားပြီး ဖြစ်လို့ သက်တမ်း တစ်ဝက်လောက် ကျိုးနေပြီ ဖြစ်ပေမယ့် အကြမ်းစီး အဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ လိုသုံး အနေအထားဖြစ်ဖြစ် အဆင်ပြေနေပါသေးတယ်။
အစီးရေ အတွက် အများအပြား ရွေးချယ်နိုင်စရာ မရှိပေမယ့် လူငယ်ကြိုက် အရောင်တွေ ဖြစ်တဲ့ အနီနဲ့ အညိုလေးတွေတော့ အတွေ့ရများပါတယ်။ နောက်ပြီး ၂၀၀၅ခုနှစ်နဲ့ ရှေ့ပိုင်းထွက် မော်ဒယ်တိုင်းရဲ့ နည်းပညာ အနေအထားက ဒီလောက်ကြီး သိသာတဲ့ မြင့်မားမှု မရှိသေးသလို တစ်စီးနဲ့ တစ်စီး ဒီလောက်ကြီး မကွာတာကြောင့် ခဏသုံးမယ် ဆိုရင်လည်း ရနိုင်ပါတယ်။
တပ်ဆင် အင်ဂျင် အနေအထားက ၁ ဒသမ ၅လီတာသုံး ဖြစ်ပြီး ပုံမှန်ထက်တော့ ဆီစားနည်းနည်း များပါတယ်။ ခရီးဝေး မောင်းနှင်မှု အတွက်တော့ ၁ ဒသမ ၃လီတာသုံးတွေနဲ့ သိပ်ပြီးမကွာပေမယ့် မြို့တွင်းသုံးမှာတော့ နည်းနည်း ပိုစားတာ တွေ့ရပါတယ်။ ဒါပေမယ့် နယ်ဝေး မောင်းမယ် ဆိုရင် လက်ရှိ လူကြိုက်များ ၁ ဒသမ ၃အင်ဂျင်တပ် မော်ဒယ်တွေထက် သာပါတယ်။ အားမနာတမ်း ခိုင်းလို့ ရပါတယ်။
Air-Conတွေကတော့ ကောင်းသေးပေမယ့် စိတ်ကြိုက်တော့ ဖြစ်မယ် မထင်ပါဘူး။ Autoစနစ်နဲ့ ရနိုင်မှာ ဖြစ်ပြီး ညာမောင်း မော်ဒယ်ဖြစ်ပေမယ့် အိမ်စီး ဖြစ်တာကြောင့် မောင်းနှင်ရ အခက်အခဲတော့ သိပ်ပြီးရှိမလာနိုင်ပါဘူး။ Gasolineနဲ့ သွားမယ်၊ Key Lessစနစ်နဲ့ ရနိုင်မယ်၊ တပ်ဆင် ပစ္စည်း အရည်အသွေး အမြင့်ဆုံး အနေအထား မဟုတ်သည့်တိုင်အောင် အပြည့်အစုံ ထည့်ထားတယ်၊ အသက်ကယ် လေအိတ်စနစ်တွေ ကောင်းနေသေးတယ်၊ ထိုင်ခုံတန်း ၃တန်းဖြစ်လို့ ခရီးသည် လိုက်ပါနိုင်မှု ပိုများပါတယ်။
ကားဈေးနှုန်းက ဆိပ်ကမ်းအရောက် ၆၈သိန်းဖြစ်ပြီး စလစ်ဈေးနှုန်းကို ထပ်မံပေါင်းထည့်ပေးရပါ့မယ်။ စ အရောင်နဲ့ ကီလိုအပေါ်မှာ မူတည်ပြီး ဈေးနည်းနည်းလေးပဲ အတက်၊ အကျ ရှိနိုင်ပါတယ်။ ဒါတောင် မော်ဒယ် နိမ့်တယ်၊ ကီလိုများတယ်ဆိုတဲ့ အချက်လေးနဲ့တင် ဈေးညှိလို့ရနိုင်ပါတယ်။