မြန်မာလူမျိုးတွေဟာ ချဉ်၊ ငန်၊ စပ် အရသာတွေကို အင်မတန်နှစ်သက်ကြပါတယ်။ ဒီလိုပူအိုက်တဲ့နွေမှာ အအီအဆိမ့် ဟင်းလျာတွေကိုရှောင်ပြီး ချဉ်ရည်ဟင်းတစ်ခွက်ကို ငရုတ်သီးထောင်းစတာတွေနဲ့ ထမင်း မြိန်အောင် စားကြတယ်မဟုတ်လား။
နောက်ပြီး ရှောက်သီးသုပ်နဲ့ ဟင်းခါးလို အသုပ်မျိုးကိုလည်း အပျင်းပြေ စားတတ်ကြပါရဲ့။
လူတွေရဲ့ သဘောသဘာဝကိုက ပူအိုက်နေချိန်မျိုးတွေမှာ အချဉ်ဆိုတဲ့ အရသာကို တောင်းတတတ်ကြတာလို့ ဆိုရမလားပဲ။
ခုလိုချိန်မှာတော့ ရာသီစာဖြစ်တဲ့ သရက်သီးကို နေရာတကာမှာ တွေ့နေရပါပြီ။ ဈေးထဲမှာလည်း မှည့်မှည့်ဝင်းဝင်း စိမ်းစိမ်းစိုစို တွေ့နိုင်သလို ရပ်ကွက်ထဲမှာလည်း အပင်တွေပေါ်မှာ ပြွတ်ပြွတ်သိပ်သိပ် ဝေဝေဆာဆာတွေ့နိုင်ပါပြီ။
ချဉ်၊ ငန်၊ စပ် အရသာတွေကို နှစ်သက်တဲ့ မြန်မာလူမျိုးများဟာ သရက်သီးကို အမှည့်တစ်မျိုး အစိမ်းတလှည့် သုံးဆောင်နေကြပါပြီ။ အမှည့်ကို အချိုတည်းကြသလို၊ အစိမ်းကို ငံပြာရည် ငရုတ်သီးတို့နဲ့ စားကြပါရဲ့။
ဒါ့အပြင် ထမင်းစားရင်းနဲ့လည်း သရက်ကင်းလေးတွေကို ငပိရည်နဲ့ တို့မြှုပ်စားသုံးမယ်ဆိုရင်လည်း ထမင်းမိန်မယ်လို့ ထင်ပါတယ်။
သရက်သီးမှည့်တွေစားပြီး မိတ်ဖုတွေပေါက်တတ်ကြတာကိုတော့ သတိထားဖို့လိုပါလိမ့်မယ်။
နောက်တခုက အမှည့်လွန် သရက်သီးမျိုး၊ ယင်နားထားတဲ့ သရက်သီးမျိုးတွေကို စားသုံးမိတာတို့ဆိုရင် ဝမ်းပျက်ဝမ်းလျောဖြစ်တာမျိုးတွေလည်း ရှိနိုင်တာမို့ လတ်ဆတ်တဲ့ သရက်သီးမျိုးကို ရွေးချယ်စားသုံဖို့လည်း လိုအပ်ပါလိမ့်မယ်။
ချဉ်၊ ငန်၊ စပ် ရသာမျိုးစုံနဲ့ ပြည့်စုံတဲ့ နွေနေ့လည်ခင်းတွေဖြစ်ပါစေ။
(ဓာတ်ပုံများ .. google.com)