Lifestyle

လူငယ်ကြိုက် Jeep Renegade

This article has been converted from Zawgyi One to Unicode

အမေရိကန်ထုတ် Jeep Renegade ရဲ့ အားသာချက်ကို ပြောရမယ် ဆိုရင်တော့ ရုပ်ထွက်ပိုင်းကို ပြောရမှာပါ။ ဥရောပ အခြေစိုက် ဇိမ်ခံ SUVမော်ဒယ်တွေရဲ့ အချိုး အဆစ်မျိုး ဖြစ်လာပါတယ်၊ ဒါပေမယ့် Jeepရဲ့ ရုပ်ထွက် လည်း မပျောက်ပါဘူး။ နောက်တစ်ချက်က လက်ကိုင်ပိုင်း အားကောင်းမှုပါ၊ လမ်းကြမ်းပိုင်း အနေအထား ထိ အောင် အကောင်းဆုံး ထိန်းချုပ်မောင်းနှင်နိုင်မှုကို တွေ့ရပါတယ်။ နောက်တစ်ချက် ထည့်သွင်း နည်းပညာရပ် တွေ မြင့်မားသည့်တိုင်အောင် နားလည်လွယ်အောင်၊ အသုံးပြုရလွယ်အောင် ဖန်တီးထားနိုင်တဲ့ တစ်ချက်ပါ။

အားနည်းချက်ရယ်ဆိုလို့ ၂ ဒသမ ၄လီတာသုံး အင်ဂျင်စနစ်နဲ့ မော်ဒယ်တွေက ဆီစားနှုန်း များတာ၊ မော်ဒယ် ကို Sport ဆန်အောင် ချိုးဆစ်လိုက်မှုက နောက်ဖက် ခရီးသည်တင်ခန်းအတွက် ကျဉ်းသွားပြီး နောက်ဖက် ထိုင်ခုံတန်းပါ နေရာနည်းသွားတာပဲ ရှိပါတယ်။ အပြင်ဘက်အရောင် ၉ရောင်ထိအောင် ထုတ်လုပ်ထားပြီး အတွင်းပိုင်းကတော့ အထည် ဦးစားပေး ပုံစံနဲ့ အဖြူ၊ အညို နှစ်မျိုးပဲ ထွက်ပါတယ်။

Crossoverတန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ အလျား ၁၃ပေနဲ့ ၁၀ ဒသမ ၆လက်မ၊ မျက်နှာစာ အကျယ်က ၅ပေနဲ့ ၁၁လက်မ ရှိပြီး ကားရဲ့ တိမ်းမှောက်နိုင်ချေကို လျော့နည်းအောင် ဖန်တီးထားသလို အမြင့်ကိုတော့ Sport ဆန် အောင် ၅ပေနဲ့ ၆ ဒသမ ၅လက်မပဲ ရှိသည်ထိအောင် နှိမ့်ထားပါတယ်။

မော်ဒယ်မှာ အင်ဂျင်စနစ် အများအပြား ရွေးချယ်နိုင်စရာ ရှိပြီး ၁ ဒသမ ၄လီတာသုံး အသေးစား လေးလုံးထိုး အင်ဂျင်ကတော့ ဆီစားသက်သာစေမှာဖြစ်ပါတယ်။ အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၅၀၀မှာတင် ရုန်းအား ၁၈၄ပေါင်-ပေထိအောင် ရနိုင်မှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၆၀အားပါ။

ဂီယာချက် ၆ချက်ကို Manualစနစ်နဲ့လည်း ရနိုင်သလို Autoနဲ့လည်း လာပါတယ်။ ဒါပေမယ့် ပိုကောင်းတာ ကတော့ Manualနဲ့ ဖြစ်ပြီးတော့ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဟုတ်တာကြောင့် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ ဒီလောက် မကောင်းပေမယ့် တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၁၀ စက္ကန့် ဝန်းကျင်နဲ့တော့ ရောက်အောင် မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၂ ဒသမ ၇ဂါလံပဲ ဆံ့မှာ ဖြစ်ပြီး ဆီစားနှုန်းကတော့ မြို့တွင်းတွေမှာ ၂၄မိုင်လောက်နဲ့ အဝေးပြေး လမ်းကြောင်း တွေမှာ ဆိုရင် ၃၁မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ Renegadeက အာရှထုတ် Crossoverတွေလောက်တော့ ဆီစား မချိုသေးတာ ဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ တန်းတူလိုက်နိုင်ပြီး ဝန်တင်ဆောင်နိုင်မှု၊ လမ်းကြောင်းစုံ မောင်းနှင်နိုင်မှုလို အပိုင်းတွေမှာ တော့ အားသာချက် ဖြစ်နေတာ တစ်ချက်က မော်ဒယ်ကို လူကြိုက်များလာစေနိုင်ပါတယ်။ အင်ဂျင်စနစ် သေးပေမယ့် ခရီးဝေး မောင်းနှင်မှုအတွက်ပါ အဆင်ပြေအောင် ဖန်တီးထားပြီး အရမ်းလည်း မများတဲ့ ဆီစားနှုန်းနဲ့ Renegadeက ဈေးနှုန်းပိုင်းမှာပါ ချိုသာနေတာကြောင့် စိတ်ကြိုက်တွေ့မိတဲ့ မော်ဒယ် တခုပါပဲ

Loading