ဒီတပတ် Foodie ပရိသတ်တွေအတွက် လျှပ်စစ်မီးနဲ့ ရာသီဥတုဒဏ်ကြောင့် ညဘက် အိပ်မပျော်လို့ တရေးနိုး ဗိုက်ဆာတဲ့အခါ ညလယ်စာအဖြစ် သွားစားနိုင်မယ့် ဆိုင်တွေကို Foodie Guide ကနေတဆင့် ဧရာဝတီမှ ဖော်ပြပေးချင်ပါတယ်။
လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ညလယ်စာ စားနိုင်တဲ့ ဆိုင်အများစုဟာ လမ်းရဲ့ တဖက်တချက်မှာ စားပွဲခုံ အပုလေးတွေ ခင်းပြီး ရောင်းချတဲ့ လမ်းဘေးဆိုင်လေးများသာဖြစ်ပြီး ဒီနေ့ အချိန်အခါမှာဆိုရင် ဆိုင်ခန်းနှင့်တကွ အခင်းအကျင်းကောင်းကောင်းနဲ့ ရောင်းချတဲ့ ဆိုင်တွေလည်း ရန်ကုန်မြို့မှာ များများစားစား ထပ်မံ ဖွင့်လှစ်လာကြတာကို တွေ့ရပါတယ်။
(၁) ကျောက်မဲ ယူနန် စားသောက်ဆိုင်
ကျောက်မဲ ယူနန်ဆိုင်ဟာ ယခင်က နာမည်ကြီးခဲ့တဲ့ SS ကို အစားပြန်ဖြည့်ပေးမယ့် ညလယ်စာ စားနိုင်မယ့် နေရာတခုလို့ ဆိုနိုင်ပါတယ်။ သက်သောင့်သက်သာရှိတဲ့ ဆိုင်အခင်းအကျင်းရှိပြီး ညလယ်စာအဖြစ် ထမင်းကြော်နဲ့ ဟင်းအမျိုးမျိုး၊ မုန့်ဟင်းခါး၊ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွွဲနဲ့ ဝက်သား တုတ်ထိုး တို့ကိုပါ မှာယူစားသုံးနိုင်ပါတယ်။ ထမင်းကြော်ကို ကြက်ကြော်၊ ဝက်အချိုချက်၊ ဆိတ်မွ၊ ကြက်ဥချက် စတာတွေနဲ့ တပွဲကို ၂၀၀၀ ကျပ်နှုန်းနဲ့ မှာယူစားသုံးနိုင်ပါတယ်။ အရံဟင်းအဖြစ် ချဉ်ပေါင်ကြော်နဲ့ ဘာလချောင်ကြော်ကိုပါ ထမင်းကြော်နဲ့အတူ ထည့်ပေးပါတယ်။ မုန့်ဟင်းခါးတပွဲကို ပုံမှန် အကြော်နဲ့ ၁၀၀၀ကျပ်၊ တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲတို့ကို ဈေးနှုန်း၂၀၀၀ ကျပ်နဲ့ မှာယူ စားသုံး နိုင်ပါတယ်။ ညလယ်စာကို ည ၁၀ နာရီမှ စတင် မှာယူနိုင်ပြီး မနက် လေးနာရီအထိ ရောင်းချပေးတယ် လို့ သိရပါတယ်။
လိပ်စာ- အမှတ် (၂၆)၊ ဆရာစံလမ်း၊ Alfa ဟိုတယ်ရှေ့။
(၂) ဦးရေခဲလမ်း မုန့်ဟင်းခါး
နောက်တဆိုင်အနေနဲ့ မုန့်ဟင်းခါး ကြိုက်သူတွေအတွက် ကျိုက်ဝိုင်းဘုရားလမ်းနဲ့ အင်းစိန်လမ်းဆုံ အနီးမှာရှိတဲ့ ဦးရေခဲလမ်း မုန့်ဟင်းခါးဆိုင်ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်လေးဟာ လွန်ခဲ့တဲ့ နှစ် အတော်ကြာကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီမှ မနက် ၃ နာရီ အထိ ရောင်းချလေ့ ရှိပါတယ်။ မုန့်ဟင်းခါးနဲ့ တွဲဖက်စားနိုင်တဲ့ ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ အိုးဘဲဥ၊ ပဲသွေး အပြင် အခြား အမယ်စုံလင်တာကြောင့် ကိုယ်ပိုင်ကားတွေနဲ့ တကူးတက လာရောက် စားသုံးကြတဲ့အထိ နာမည်ကြီး လူကြိုက်များပါတယ်။ လူအရမ်းကျတဲ့အချိန်ဆို ကိုယ်တိုင်ကိုယ်ကျ ထပြီး မှာနိုင်မှ မြန်မြန် စားရပါတယ်။ အရသာ ကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်ပါတယ်။
လိပ်စာ – ဦးရေခဲလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် အင်းစိန်လမ်းဆုံအနီး။
(၃) ရွှေမြန်မာ ဒံပေါက်
Aircon ခန်းထဲမှာ အေးအေးလူလူနဲ့သက်သောင့်သက်သာ စားချင်သူများအတွက်က ရွှေဂုံတိုင်လမ်းမကြီး၊ SSC ဆေးရုံအနီးမှာရှိတဲ့ ရွှေမြန်မာဒံပေါက်ဆိုင်ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်မှာ ဒံပေါက်၊ ကြက်ဆီထမင်း၊ ဆိတ်သားပလာတာ၊ ကြက်သားပလာတာနဲ့ နိုင်ငံခြားမှတင်သွင်းလာတဲ့ အသီးဖျော်ရည် စစ်စစ်တို့ကို မှာယူစားသုံးနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဒံပေါက်တပွဲကို ၂၅၀၀ ကျပ်၊ ကြက်ဆီထမင်းတပွဲ ၂၀၀၀ ကျပ် နဲ့ ကြက်သားပလာတာ တပွဲကို ၁၈၀၀ ကျပ် ရှိပါတယ်။ ဆိုင်က ၂၄ နာရီ ဖွင့်လှစ်တယ်လို့ သိရပါတယ်။
လိပ်စာ- အမှတ်၂ (အေ)၊ အောင်ချမ်းသာအိမ်ယာ၊ အရှေ့ရွှေဂုံတိုင်လမ်း၊ SSC ဆေးရုံအနီး။
(၄) ဖက်တီးမ ထမင်းကြော်
နောက်တဆိုင်အနေနဲ့ အနော်ရထာလမ်းနဲ့ ၁၇ လမ်းထောင့်မှာရှိတဲ့ ဖက်တီးမ ထမင်းကြော်ဆိုင်ကို ညွှန်းချင်ပါတယ်။ ထမင်းကြော်နဲ့ ဟင်းအမယ်မျိုးစုံအပြင် အသုပ်မျိုးစုံ၊ ဖျော်ရည်မျိုးစုံ မှာယူ စားသောက် နိုင်ပါတယ်။ ဒီဆိုင်မှာ နာမည်ကြီး လူကြိုက်များတာကတော့ ဆိတ်ရိုးစွပ်ပြုတ်ဖြစ်ပြီး ည ၁၁ နာရီ နောက်ပိုင်းဆိုရင် အမှာများပြီး စောစောကုန်တတ်လို့ စားရဖို့ မသေချာပါဘူး။ အခြားဟင်းများအနေနဲ့ အမဲနှပ်၊ ဝက်မျှစ်ချဉ်၊ ငါးကျည်းကြော်၊ ငါးသလဲထိုးကြော်၊ ပြောင်းဖူးကြော်၊ ဆိတ်မွှ ၊ လက်ဖက်သုပ်၊ ကြက်ကြော်သုပ်စတဲ့ အသုပ်မျိုးစုံ မှာယူစားသုံးနိုင်ပါတယ်။ ညနေ ၇ နာရီ မှ မနက် ၄ နာရီ ထိ ဖွင့်လှစ်ပါတယ်။
လိပ်စာ- အနော်ရထာလမ်း နှင့် ၁၇ လမ်းထောင့်။
(၅) New Khum Wai
နောက်ထပ် Aircon နဲ့သက်သောင့်သက်သာ စားနိုင်မယ့်ဆိုင်ကတော့ ဦးချစ်မောင်လမ်းပေါ်မှာရှိတဲ့ New Khum Wai ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် ဟော့ပေါ့၊ ဘာဂါနဲ့ ကချင်ဟင်းလျာများ မှာယူစားသုံး နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဘာဂါတလုံးကို ၂၅၀၀ကျပ်၊ ကချင်ဟင်းလျာတွေကို ၃၅၀၀ ကျပ်မှ စတင်မှာယူနိုင်ပြီး ဟော့ပေါ့အနေဖြင့် မိမိကြိုက်နှစ်သက်ရာ အမျိုးအမည်ကို မှာယူစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် ၂၄နာရီ ဖြစ်ပါတယ်။
လိပ်စာ- အမှတ် (S-၂၇)၊ ဦးချစ်မောင် အိမ်ယာ၊ ဦးချစ်မောင်လမ်း။
(၆) ဘောဂဆီချက်၊ ကော်ရည်
နောက်တဆိုင်ကတော့ တရုတ်တန်း၊ ၁၇ လမ်း အနီးမှာရှိတဲ့ ဘောဂဆီချက်ဆိုင်ပဲ ဖြစ်ပါတယ်။ ဘောဂဆီချက်ဟာဆိုရင် နှစ်ပေါင်းအတော်ကြာ ရပ်တည်ခဲ့ပြီး အရသာကလည်း ပြောစရာ မလိုအောင် အထူးကောင်းမွန်ပါတယ်။ ကြက်ပေါင်းဆီချက်၊ နံရိုးပေါင်းဆီချက်၊ ကြက်ပေါင်းကော်ရည်၊ နံရိုးပေါင်း ကော်ရည် စတာတွေကို မှာယူစားသုံးနိုင်ပါတယ်။ ဒါ့အပြင် ဒီဆိုင်ရဲ့အနီးမှာ ဝက်သားတုတ်ထိုး ဆိုင်တွေကလည်း မနက် ၃ နာရီ အထိရောင်းတဲ့အတွက် ဝက်သားတုတ်ထိုးပါ တခါတည်း စားနိုင်ပါတယ်။ ဘောဂဆီချက်ရဲ့ ဆိုင်ဖွင့်ချိန်က၂၄ နာရီဖြစ်ပါတယ်။
လိပ်စာ- အမှတ် (၇၃၇)၊ မဟာဗန္ဓုလလမ်း၊ ၁၇ လမ်း အနီး။
(၇) ပွင့်သစ်စမ်း
နောက်ဆုံးအနေနဲ့ လူစည်ကားပြီး အစားအသောက်အမျိုးစုံရတဲ့ ပွင့်သစ်စမ်း လက်ဖက်ရည်ဆိုင်ကို ညွှန်းချင်ပါတယ်။ ယခင် စဖွင့်ခါစက ဝါးထရံသီးသန့်ခန်းလေးတွေနဲ့ စဖွင့်ခါရာကနေ အခုဆိုရင် အဆောက်အအုံအသစ်နဲ့ ပြောင်းလဲဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ ထမင်းကြော်နဲ့ ဟင်းမျိုးစုံ၊ နံပြား၊ ပလာတာ၊ တရုတ်အစားအစာ အမျိုးမျိုးအပြင် တခြားအမျိုးအမည်များစွာ မှာယူစားသုံးနိုင်ပါတယ်။ ၂၄ နာရီ ဖွင့်လှစ်ထားပြီး တခါတရံ ထိုင်စရာနေရာရဖို့ အနည်းငယ်စောင့်ရပါတယ်။
လိပ်စာ- အမှတ် ၅၂၀ (အေ)၊ ကမ္ဘာအေးဘုရားလမ်း၊ Excel Tower အနီး။
ကဲ… ညဘက် စောစောမအိပ်တတ်တဲ့ ပရိသတ်တွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ မိုးလင်းပေါက် ဖွင့်တဲ့ ဆိုင်တွေမှာ ဗိုက်ဖြည့်နိုင်ပါပြီ။