ဂီတသက်တမ်း အနှစ် ၂၀ ကျော်ရပ်တည်လာခဲ့ပြီးဖြစ်တဲ့ ရော့ခ်အဆိုတော် မာရဇ္ဇ ရဲ့ “အချိန်အခါ” ဆိုတဲ့ တကိုယ်တော် တေးစီးရီးထွက်ရှိလာတော့မယ်လို့သိရပါတယ်။
ဒီ တေးစီးရီးဟာ မာရဇ္ဇ ရဲ့ ၁၂ ခွေမြောက် တေးစီးရီးလည်းဖြစ်ပြီး ရော့ခ်သီချင်းများချည်းသက်သက် ပါဝင်တယ်လို့ သိရပါတယ်။
တေးသီချင်းပေါင်း ၁၁ ပုဒ်ပါဝင်ပြီး တေးသီချင်းအားလုံးကို မာရဇ္ဇ ကိုယ်တိုင်ရေးသားထားတာပါ။
“ကျနော်ဒီအခွေလေးကို အချိန်သုံးနှစ်ကြာပေးပြီးတော့ ဖန်တီးထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ဒီအခွေလေးကို ခဏရပ်တန့်ထားပြီး ကြားထဲမှာ ကျနော်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲလေးတွေ လုပ်ခဲ့တယ်။ ဒီထဲမှာ သီချင်း ၁၁ ပုဒ်ပါ ပါဝင်ပါတယ်။ အားလုံးက Rock တွေချည်းပဲလို့ ကျနော်ပြောချင်ပါတယ်” လို့ မာရဇ္ဇ က ပြောပါတယ်။
ဒီတေးစီးရီးကို ဘာကြောင့် ရော့ခ်သီချင်းသက်သက်ချည်းပဲ ဖန်တီးထားရသလဲဆိုတဲ့အပေါ် မာရဇ္ဇ က မြန်မာပြည်မှာဖြစ်နေတဲ့ ပြဿနာတခုဖြစ်တဲ့ စီးရီးတခွေထွက်လာရင် ရော့ခ်သီချင်းရော country သီချင်းရော ပေါ့ပ် သီချင်းရော R&B ရော စုံနေအောင် ပါဝင်ဖန်တီးလာကြတာဟာ တော်တော် ရှက်စရာကောင်းတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရော့ခ်ဂီတကို ချစ်တဲ့အတွက်ကြောင့် ရော့ခ်ဂီတ လမ်းကြောင်းပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်မှာဖြစ်ပြီး အရင်တုန်းက မသိလို့ လုပ်ခဲ့ဖူးပေမယ့် အခုလို သိတဲ့အချိန်မှာ ရှက်လာတာကြောင့် “ဇာတ်ပေါင်း” တေးစီးရီးက စလို့ ရော့ခ်လမ်းကြောင်းပေါ်ကနေ မသွေဖီတဲ့ ပုံစံနဲ့ ကြိုးစားပြီး လုပ်လာခဲ့ပါတယ်လို့ သူက ရှင်းပြပါတယ်။
ရော့ခ်သီချင်း ရော့ခ်ဂီတလမ်းကြောင်းပေါ်ကနေ မသွေဖီတဲ့ အဆိုတော် မာရဇ္ဇ ရဲ့ “အချိန်အခါ” ဆိုတဲ့ တေးစီးရီးကို မေလ၂၉ ရက်နေ့ကစတင်ပြီး ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။