Hondaရဲ့ ဇိမ်ခံ မော်ဒယ်တွေကိုပဲ သီးသန့်ထုတ်လုပ်တဲ့ အမှတ်တံဆိပ် Acuraရဲ့ မော်ဒယ် တခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ Acuraက သူ့ကိုယ်ပိုင် ဒီဇိုင်းနဲ့ မော်ဒယ်တွေ ဒီလောက်ကြီး ကောင်းအောင်၊ များများစားစား ထုတ်လုပ်နိုင်သေးတာ မဟုတ်ဘဲ အခုလည်း အောင်မြင်ပြီးသား Honda Civicရဲ့ နောက်ဆက်တွဲ အနေနဲ့ ဇိမ်ခံ မော်ဒယ်အဖြစ် ILXကို ထုတ်လုပ်လာတာ တွေ့ရပါတယ်။
မော်ဒယ်ရဲ့ အရင်ဆုံး ပြောရမယ့် အားသာချက်ကတော့ လူတိုင်း နှစ်သက်မယ့် အချက် ဖြစ်တဲ့ ဈေးနှုန်း ချိုသာ တဲ့ အချက်ပဲ ဖြစ်ပါတယ်။ မော်ဒယ်ခွဲ အားလုံး ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးချိုသလို Base မော်ဒယ် က တော့ အသက်သာဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးချိုလို့ မော်ဒယ်ရဲ့ နည်းပညာပိုင်းကို အထင်တော့ မသေး လိုက်ပါနဲ့၊ နောက်ဆုံးပေါ် ဇိမ်ခံ မော်ဒယ်တွေရဲ့ နည်းပညာနဲ့ အသုံးချနိုင်မှု အားလုံးကို ILXမှာ ထည့်ထားတာ တွေ့ရပါတယ်။
နောက်တချက်ကတော့ Sport Modeနဲ့ မော်ဒယ်ကို မောင်းနှင်မယ် ဆိုရင် စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင် တာပဲ ဖြစ်ပြီး အဆိုပါ Modeနဲ့ ဆိုရင် မော်ဒယ်က သိသာကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကောင်းကို ပြသနိုင် တာ တွေ့ရပါတယ်။ နောက်ဆုံး တချက်ကတော့ နောက်ဖက် ခရီးသည်တင်ခန်း ကျယ်ဝန်းတာပဲ ဖြစ်ပြီး တန်းတူ ပြိုင်ဖက်တွေနဲ့ စာရင် အကျယ်ဝန်းဆုံး မော်ဒယ် တန်းဝင် အဖြစ်နဲ့ ရပ်တည်နေနိုင်တာလည်း ဖြစ် ပါတယ်။
ဒါပေမယ့် မော်ဒယ်ရဲ့ တန်ကြေးချိုသာအောင် ဖန်တီးမှုရဲ့ အားနည်းချက် အဖြစ် တွေ့လာရတဲ့ ပြစ်ချက်ကတော့ အတွင်းခန်း တပ်ဆင် ပစ္စည်း အရည်အသွေး နိမ့်ချင်နေတာပဲ ဖြစ်ပြီး စိတ်ကြိုက် မတွေ့မိသလို ပြိုင်ဖက် မော်ဒယ်တွေထက် အားနည်းပါတယ်။ ပြီးတော့ အင်ဂျင်က ဆူညံသံလည်း နည်းနည်းပေးချင်ပါတယ်။
ခရီးသည် ၅ ဦး ထိအောင် လိုက်ပါနိုင်မှာ ဖြစ်ပြီး အပြင်အရောင် ၆ရောင်ပဲ ထုတ်လုပ်ထားသလို အတွင်းခန်းမှာ သားရေ ဦးစားပေးနဲ့ သုံးမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည် အရွယ်အစားက အလျား ၁၅ပေနဲ့ ၁.၉လက်မ၊ မျက်နှာစာ အကျယ်က ၆ပေနဲ့ ၁၀ ဒသမ ၆လက်မ၊ အမြင့်က ၄ပေနဲ့ ၇ ဒသမ ၆လက်မပဲ ရှိမှာပါ။ အတွင်းခန်း အကျယ်အဝန်းက ရှေ့ဖက်ခန်း ၅၅ ဒသမ ၆လက်မနဲ့ နောက်ဖက်ခန်း ၅၃ ဒသမ ၅လက်မ ရှိနေမှာ ဖြစ်ကာ ကားတစ်စီးလုံးရဲ့ အလေးချိန်က သံမဏိဦးစားပေး ကိုယ်ထည်ကြောင့် ၃၀၉၃ပေါင်ထိအောင် ရှိနေမှာ ဖြစ်ပါတယ်။
မော်ဒယ်မှာ ၂ ဒသမ ၄လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် စနစ် တပ်ဆင်ထားပြီး အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၃၈၀၀မှာတင် ရုန်းအား ၁၈၀ပေါင်-ပေ ရှိမှာ ဖြစ်ပြီး စွမ်းအင်က မြင်းကောင်ရေ ၂၀၁ကောင်အား ထွက်မှာပါ။
ရုန်းအားထက် စွမ်းအင်ပိုင်း အလေးပေးထားတာကြောင့် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ အားကောင်း စေမှာပါ။ မော်ဒယ်က ဇိမ်ခံ ဆီဒင် ဖြစ်ပေမယ့် ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာက ဆီစားနှုန်း ချိုသာစေပါတယ်။ ဂီယာချက် ၈ချက်ကို သုံးပြီး Auto Manualစနစ်နဲ့ သွားမှာ ဖြစ်သလို အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်း အတွက် အချိန် ၆.၉စက္ကန့်ပဲ ယူမှာ ဖြစ်ပေမယ့် နောက်ဘီးယက်စနစ်နဲ့ ဆိုရင် အခုထက် ပိုမြန်လာနိုင်ပါတယ်နော်။ မော်ဒယ်ရဲ့ ဆီစားနှုန်းက ပျမ်းမျှ ဆီတစ်ဂါလံကို ၃၁မိုင်လောက် စီးနင်းနိုင်မှာ ဖြစ်ကာ မြို့တွင်းလမ်းတွေမှာ ၂၅မိုင်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ၃၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။
ပြည်တွင်းမှာ Honda Civic ကို လူကြိုက်များတာမို့ သူ့ရဲ့ နောက်ဆက်တွဲပါဆိုတဲ့ ILXကိုလည်း သဘောမကျ စရာ မရှိနိုင်ပါဘူး။ ဒါပေမယ့် Civicမှာ Hybridပိုင်း အားနည်းချက် နည်းနည်း ရှိချင်တယ် ဆိုတာကြောင့် လူကြိုက် များတဲ့ ထိပ်တန်းစာရင်းဝင် ဖြစ်ပေမယ့် နံပတ်တစ်တော့ မဖြစ်သေးပါဘူး။ ဒီလိုပါပဲ၊ အခု ILXမှာ လည်း အားသာချက်တွေ အများကြီး ရှိနေပါတယ်။ အင်ဂျင်ပိုင်း လိုအပ် ချက်တွေ၊ ဆီစားနှုန်း အပိုင်းလေးတွေ အားနည်းချက်ရှိပေမယ့်လည်း လူကြိုက်များတဲ့ ဇိမ်ခံ တန်းဝင် မော်ဒယ် ဖြစ်လာနိုင်ပါတယ်၊