သဘာ၀ အတိုင်း နှစ်ပေါင်းသန်းချီကြာပြီးမှ ဖြစ်ပေါ်လာတဲ့ ကျောက်တုံး ကျောက်ခဲတွေထဲမှာ သဘာဝရဲ့ အားအစွမ်းတွေ ပါဝင် ပေါင်းစည်းနေဆဲ ဖြစ်တယ်လို့ ရှေးခေတ် အီဂျစ်လူမျိုးတွေ ယုံကြည် ယူဆကြသလို ယနေ့ခေတ်မှာလည်း အဲဒီ အယူအဆ ရှိနေဆဲပါ။ ဂျက်စပါ (Jasper Stone) ကျောက်ကို လိင်ပိုင်းဆိုင်ရာ စွမ်းအားတွေ တိုးပွားစေတယ်လို့ ယုံကြည်မှု တွေရှိနေပါတယ်။
အများအားဖြင့် အနီရောင်၊ အဝါရောင်၊ နီညိုရောင်နဲ့ အစိမ်းရောင်တွေ ရှိတတ်ပြီး အပြာရောင်ကတော့ ရှားပါးတဲ့ ဂျက်စပါ ကျောက်ကို ဘုရားသခင်ရဲ့ လက်ဆောင်ကျောက်၊ ဂျေရုစလင်မြို့သစ်ရဲ့ ပထမဆုံး အခြေခံ အုတ်မြစ် ကျောက်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်လို့ Dr. Flora Peschek-Bohmer နဲ့ Dr. Gisela Schreiber တို့ ရေးသားတဲ့ Healing Crystals and Gemstones စာအုပ်မှာ ဖော်ပြထားပါ တယ်။
အမေရိကန် ရက်အင်ဒီယန်းများ၊ အာရှတိုက်သားများက ဂျက်စပါကျောက်ဟာ ကျောက်ကပ်၊ အသည်းနဲ့ ဆီးကျောက်တည် ရောဂါတွေကို ပျောက်ကင်း စေတယ်လို့ ယူဆကြပါတယ်။ အနီရောင် ဂျက်စပါကျောက်နဲ့ ထိတွေ့ ပွတ်သပ်ပေးခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာ စွမ်းရည်တိုးပွားပြီး မျိုးပွားခြင်း မျိုးအောင်ခြင်းကို ဖြစ်စေတယ်၊ လည်ဆွဲအဆင်တန်ဆာ အဖြစ်ဝတ်ဆင်ရင် မောပန်းနွမ်းနယ် အားကုန်ခြင်းကို နည်းပါးစေတယ်လို့ ဆိုပါတယ်။
နီညိုရောင် ဂျက်စပါကျောက်ကတော့ အသဲ သည်းခြေအိတ်၊ ပန်ကရိယတို့မှာ ဖြစ်ပွားတဲ့ ရောဂါတွေကို သက်သာ ပျောက်ကင်း စေပါတယ်။ အဝါရောင် ဂျက်စပါကျောက်က ကိုယ်ခန္ဓာရောဂါ ကာကွယ်ရေး စနစ်ကို အားကောင်းစေပါတယ်။ ဂျက်စပါကျောက် စိမ်ရည်ကို အစာမစားမီ သောက်ပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ရဲ့ အဆီတွေ လျှော့ချပေးနိုင်သလို၊ မနက်စောစော ပုံမှန်သောက်ပေးခြင်းဖြင့်လည်း ဝမ်းချုပ်ခြင်းကို ကာကွယ် ပေးပါတယ်။ ဂျက်စပါကျောက်ကို ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲမှာ တနာရီကြာ စိမ်ထားခြင်းဖြင့် ဂျက်စပါကျောက် စိမ်ရည်ကို ရရှိနိုင်ပါတယ်။
ဂျက်စပါကျောက်ဟာ စိတ်ဓာတ်ခွန်အား တိုးပွားစေကြောင်း၊ အလယ်ခေတ် စစ်သည်တော်တွေဟာ ရဲစိတ် ရဲမာန် ထက်သန်ဖို့ ဂျက်စပါကျောက်တွေကို အဆောင်အဖြစ် အသုံးပြုကြောင်း၊ ဒဏ္ဍာရီမှာတော့ သူရဲကောင်းတွေ ကိုင် ဆောင်တဲ့ ဓားတွေရဲ့ ဓားရိုး ဓားအိမ်တွေမှာ ဂျက်စပါ ကျောက်ကို တန်ဆာဆင်မြှုပ်သွင်းကြကြောင်း သိရပါ တယ်။ မြန်မာနိုင်ငံမှာတော့ ဂျက်စပါကျောက် မျိုးစုံထွက်ရှိပါပေမယ့် လက်ဝတ်အဆင်တန်ဆာအဖြစ် အသုံးပြုမှု နည်းတာကို တေ့ွရပါတယ်။