မိုဘိုင်းဖုန်း ထုတ်ကုန်များ၊ ဆယ်လူလာ ဆက်သွယ်ရေး နည်းပညာများရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး Huawei က Samsung ကို တရားစွဲဆိုထားကြောင်း သိရပါတယ်။ မေလ ၂၅ ရက်မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင် တရားရုံးနဲ့ တရုတ်နိုင်ငံ ရှင်းကျန့် ကြားနေပြည်သူများ တရားရုံးမှာ Huawei က Samsung ကို မူပိုင်ခွင့် ချိုးဖောက်ခြင်းနဲ့ ပတ်သက်လို့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
Samsung မိုဘိုင်းဖုန်းများမှာ အသုံးပြုထားတဲ့ ဆယ်လူလာ ဆက်သွယ်ရေး နည်းပညာ၊ ဆော့ဖ်ဝဲလ်များနဲ့ ပတ်သတ်ပြီး မူပိုင်ခွင့်များ အပါအဝင် Huawei ရဲ့ ကိုယ်ပိုင်ဖန်တီးထားမှုများ၊ ပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီး Huawei က Samsung ကို လျော်ကြေး တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။
Huawei ရဲ့ ဖန်တီးမှုဆိုင်ရာ ပိုင်ဆိုင်မှု အခွင့်အရေးဌာနရဲ့ ဥက္ကဋ္ဌDing Jingxing က “Samsung အနေနဲ့ Huawei ရဲ့ သုတေသန လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုနဲ့ မူပိုင်ခွင့်တွေကို လေးစားမယ်ဆိုရင် ကျနော်တို့ရဲ့ မူပိုင်ခွင့်တွေ ချိုးဖောက်တာကို ရပ်တန့်ပြီး Huawei ဆီက လိုအပ်တဲ့ ခွင့်ပြုချက်ရယူမယ်၊ လုပ်ငန်းစုကြီးတခုလုံး ရှေ့ဆက် တိုးတက်သွားဖို့အတွက် အတူတကွ ဆောင်ရွက်သွားမယ်လို့ မျှော်လင့်မိကြောင်း” Huawei ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
Huawei အနေနဲ့ ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကမ္ဘာတဝန်းက မူပိုင်ခွင့်ပေါင်း ၅၀၃၇၇ ခု ရရှိထားပြီး မူပိုင်ခွင့်များထဲမှာ စမတ်ဖုန်းများအတွက် တန်ဖိုးကြီးတဲ့ LTE, Operating System နဲ့ User Interface တို့ ပါဝင်တယ်လို့ သိရပါတယ်။