Lifestyle

ဖေ့စ်ဘုတ်ပေါ်မှာ ထပ်ကြမ်းဦးမှာလား ဇွန်သဉ္ဇာ

This article has been converted from Zawgyi One to Unicode

ပေါ်တင်ကျကျ Sexy Model သရုပ်ဆောင်ဘဝနဲ့ အနုပညာလိုင်းကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်လို့ ဆိုရမယ့် မော်ဒယ်လ်သရုပ်ဆောင် ဇွန်သဉ္ဇာဟာ လတ်တလော သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ Nude ဆန်ဆန် ကိုယ်လုံးတည်း ဓာတ်ပုံများ တင်လာတာကို တော်တော်များများ တွေ့လာရပါတယ်။

ယခင်ကတော့ မပေါ့်တပေါ် ဝတ်စားဆင်ယင်မှုများဖြင့် ပုရိသတွေအကြိုက်ဆွဲဆောင်ထားတဲ့ ဓာတ်ပုံတွေနဲ့ လူသိများလာခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ ကိုယ်လုံးတည်းပုံများကိုပါ ရဲရဲတင်းတင်း တင်ပြလာတဲ့အပေါ် မစပ်စု အနေနဲ့ စပ်စုချင်စိတ်တွေ တဖွားဖွားဖြစ်လာပါတော့အမှန်ပါ။

ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ တဖြည်းဖြည်း ရဲတင်းလာတဲ့အတွက် ဒီ့ထက်ပိုပြီးများ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ ကြမ်းကြမ်းရမ်းရမ်း ဗီဒီယိုဇာတ်ကားမျိုးတွေပါ ထွက်ရှိလာဦးမလားဆိုတာပါပဲ။ အဲ့ဒီလိုသာဆိုရင် အမျိုးသားယဉ်ကျေးမှုကို ဖေ့စ်ဘုတ်စာမျက်နှာကြီးပေါ်မှာ အသည်းအသန် ပြင်းပြင်းထန်ထန် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နေကြတဲ့သူတွေအတွက် အကြီးမားဆုံး ပေါက်ကွဲမှု ပြဿနာတခုလည်း ဖြစ်လာနိုင်တာပေကိုး။

ဒါကြောင့် မော်ဒယ်လ်သရုပ်ဆောင် ဇွန်သဉ္ဇာ ကို စပ်စုတီးခေါက်ကြည့်မိတော့..

“ဒီ့ထက်ပေါ်တင်ကျစရာတော့ မရှိတော့ပါဘူး။ ဓာတ်ပုံဆရာကလည်း ပိုပြီးတော့ ဆန်းသစ်ချင်တယ်။ ကိုယ် ကလည်း ရိုက်ဖူးတာတွေနဲ့ မတူချင် မထပ်ချင်ဘူးဆိုတဲ့ စိတ်ကူးတွေနဲ့ပဲ လုပ်နေတာပါ။ Sexy ပိုင်းနဲ့ ပတ်သက်ပြီးတော့ နစ်ကီမစ်နပ်ရှ်တို့ ဂျနီဖာလိုပက်စ်တို့ရဲ့ MTV ကိုကြည့်ပြီး သူတို့လုပ်တဲ့ အပိုင်းမျိုးကို အားကျတာလည်း ရှိပါတယ်။ အဲ့ထက်ကြမ်းတဲ့ဟာမျိုး လုပ်ဖို့မရှိပါဘူး။ ကျမဖြစ်ချင်တာက ကမယ် ခုန်မယ် အလှပြမယ် သရုပ်ဆောင်ချင်တယ်။ အဲ့လောက်ပါပဲ။ ဒီ့ထက်ပိုပြီး ကြမ်းတဲ့ဟာမျိုးတော့ မလုပ်ရဲပါဘူး။” လို့  မော်ဒယ်လ်သရုပ်ဆောင် ဇွန်သဉ္ဇာ က ဧရာဝတီကို ပြောပါတယ်။

ဇွန်သဉ္ဇာ
Sexy Model သရုပ်ဆောင် ဇွန်သဉ္ဇာ(ဓာတ်ပုံ – ဇွန်သဉ္ဇာ ဖေ့စ်ဘုတ်မှ)

ဒါ့အပြင် သူ့ကို လတ်တလောကမှာ sexy model အဖြစ် ဓာတ်ပုံတွေ ရိုက်ကူးနေရင်း နယ်ရှိုးပွဲတွေမှာ သီချင်းတွေပဲ လိုက်ဆိုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

“အဓိက ကိုယ်ဖြစ်ချင်တာက သရုပ်ဆောင်၊ ကိုယ့်ကို လူသိပြီး အကျိုးပေးတာက sexy model ပေါ့။ ကိုယ့်ကို အားပေးတဲ့လိုင်းမှာပဲ ကုတ်ကပ်ဖက်တွယ်ရင်းနဲ့ ဒီလောကထဲမှာ ရပ်တည်နေတယ်ပေါ့။ တကယ်တမ်း ပရိသတ်တွေ ကိုယ့်ကို သိသွားတဲ့ ကောင်းတဲ့အကွက်လေးက အားပေးတဲ့သူတွေများတဲ့အတွက် ကိုယ့်ကို ပွဲတွေလာငှားတဲ့အတွက် ရှိုးတွေဆိုရတယ်ပေါ့။ အဆိုတော်လည်း မဟုတ်ဘူး။ အသံလည်း မကောင်းဘဲနဲ့ အဲ့လိုလာငှားပြီး ဆိုရတဲ့အတွက် တခြားအဆိုတော်ကြီးတွေနဲ့ တခါတလေ တန်းတူဆိုရတော့ ကိုယ့်အနေနဲ့ ဒါလေးကတော့ အမြတ်ပေါ့။ သီချင်းဆိုဖို့ အမြဲတမ်းကြီးကျတော့လည်း နာမည်ကြီး အခွေတွေထုတ်ထားတဲ့သူ မဟုတ်တဲ့အတွက် အမြဲတမ်းများ ဆိုနိုင်ပါ့မလားပေါ့။ အဲ့ဒါထက်ကို ကိုယ်တကယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ပိုင်း ကို တသက်လုံး မတိုးနိုင်တော့ဘူးလားပေါ့။ ကိုယ့်မှာ အခွင့်အရေးမရှိဘူးဖြစ်နေတယ်။ လုပ်ပြခွင့်၊ ချပြခွင့် ကိုယ့်ကို လက်တွဲခေါ်ရဲတဲ့သူတွေ မရှိဘူးဖြစ်နေတယ်။ ဒီလိုပူပန်မှုလေးတွေတော့ တဖြည်းဖြည်းရှိလာပါတယ်။” လို့ သူဖြစ်ချင်တဲ့ သရုပ်ဆောင်လိုင်းကို ရောက်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေရတဲ့အပေါ် ဇွန်သဉ္ဇာ က ပြောပါတယ်။

မော်ဒယ်လ်သရုပ်ဆောင် ဇွန်သဉ္ဇာ တယောက် Sexy ကျတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ စတင် တင် ဖြစ်ခဲ့တဲ့ လွန်ခဲ့သော ၃ နှစ်ကျော်ကျော် ကာလတွေလောက်က ဝေဖန်သံတွေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ပြုမှုတာတွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရပေမယ့် ဒီဘက်နောက်ပိုင်းမှာ ဒါတွေ အနည်းငယ်လျော့ပါးလာတယ်လို့ သိရပါတယ်။ ဒါ ဘာကြောင့်လဲ။

“ပထမ စစချင်းလုပ်တုန်းကတော့ အရမ်းအပြောအဆိုခံရတာပေါ့နော်။ နောက်ပိုင်း ကိုယ့်ရဲ့ဝါသနာကို နားလည်ပေးလာတယ်။ နောက် ဒီလို မော်ဒယ်လ်လုပ်တဲ့သူတွေလည်း များလာတဲ့အခါ ကြာလာတော့ ဆဲရင်းဆဲရင်းနဲ့ ပျောက်သွားမလားပေါ့။ ထပ်တင် ထပ်လုပ်နေတော့ ကြာတော့ မဆဲချင်တော့ဘူးပေါ့နော်။ အဲ့လိုမျိုးလေး ဖြစ်လာတာပေါ့။ ကိုယ့်ဇွဲကိုပဲ အသိအမှတ်ပြုလာတယ်လို့ထင်ပါတယ်။ အရင်ကလောက် မရှိတော့ဘူး” လို့ သူကရှင်းပြပါတယ်။

ဒီလို လေလှိုင်းပေါ်က ဝေဖန်တိုက်ခိုက်မှုထက် လူကိုယ်တိုင် အနုပညာလောကမှာပါ ပေါ်ပေါ်တင်တင် ဝေဖန် တိုက်ခိုက်ခံရပြီး ဒါတွေလည်း အခုနောက်ပိုင်း လျော့ပါးလာတယ်လို့ သူက ဆက်ပြောပါတယ်။

“အဲ့လိုအနေအထားတွေလည်း လျော့လာပါတယ်။ အရင်တုန်းက မအောင်မြင်ခင် ကိုယ်ကပွဲတွေဘာတွေ သွားတာပေါ့။ ဥပမာ – ကုမ္ပဏီ ပရိုမိုးရှင်းလုပ်မယ်ဆိုရင် မော်ဒယ်လ်တွေငှားတယ်ပေါ့။ အဲ့ဒီမှာ ကိုယ်တွေ သွားလုပ်ပေးရဖူးတယ်။ ကိုယ့်ကို ကိုယ့်နာမည်နဲ့ ခေါ်တာမျိုးမဟုတ်ဘဲ သွားရတဲ့အခါ ဟယ် ဒါက ဒီလိုရိုက်ထားတဲ့ စော်ကြီး  ပြန်လဲပေး ဘာညာနဲ့ပေါ့။ စောဒကတွေတက်တာပေါ့နော်။ နောက် ရှိုးပွဲကြီးတွေဆိုရင် ဒီဇိုင်နာတွေဆီသွားရင် ဒီဇိုင်နာတွေက သူပါမှာလား။ သူ့ဆိုရင်တော့ မချုပ်ပေးချင်ဘူး။ လူလဲပေး အဲ့ဒါမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာကျတော့ ကျမအနေနဲ့ သီချင်းဆိုတဲ့ဘက်ကို ရောက်သွားတဲ့အတွက် အဲ့ဒီလူပတ်ဝန်းကျင်အသိုင်းအဝိုင်းက လူအများနဲ့ သိပ်မတွေ့ထိရတော့ဘူး။  ကိုယ့်နာမည်နဲ့လာငှားတယ်။ သွားဆိုရတဲ့အခါကျတော့ အဲ့လိုမျိုးတိုက်ခိုက်ပြီး အပုတ်ချတာမျိုးတော့ မရှိတော့ဘူးပေါ့။” လို့ ဆိုပါတယ်။

သို့ပေမယ့် ဒီလို ဝေဖန် တိုက်ခိုက်မှုတွေကြားကပဲ Sexy Model သရုပ်ဆောင်ဘဝမှ ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင်ကောင်း တယောက်ဖြစ်လာဖို့၊ အဲ့ဒီလမ်းကြောင်းပေါ် ရောက်လာနိုင်ဖို့အတွက် သူ့ဇွဲကိုတော့ ဘယ်တော့မှ လျော့မသွားဘဲ ဆက်ကြိုးစားနေဦးမှာပါလို့ သရုပ်ဆောင် မော်ဒယ်လ် ဇွန်သဉ္ဇာက ပြောနေဆဲပါပဲ။

Loading