၉၀ ခုနှစ်များဆီကို ပြန်လည်လွမ်းဆွတ်နိုင်မယ့် 90s’ kids ပွဲကို မေလ(၂၉)ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲဟာ ပရဟိတလူငယ်များရဲ့ ရန်ပုံငွေရှာတဲ့ပွဲတော်ဖြစ်ပြီး တွတ်ပီ၊ သမိန်ပေါသွပ်၊ ပါဝါရိန်းဂျား၊ ပင့်ကူလူသား၊ ဆားပုလင်းနှင်းမောင်၊ စနေမ၊ ဘိုဘို၊ မောင်တီထွင် စတဲ့ ရုပ်ရှင်ဇာတ်ကောင်၊ ကာတွန်းဇာတ်ကောင်များ၊ ကပ်စေးနဲ၊ အုံးမွှေးလုံး၊ မုန့်ဖက်ထုပ်၊ ရေခဲခြစ် စတဲ့ မုန့်များနဲ့ ထုပ်စည်းတိုး၊ ကုလားမစည်းနင်း၊ မြွေကစားနည်း၊ ပုံပစ်ကစားနည်း စတဲ့ ၉၀ ပြည့်နှစ်များဆီက ခေတ်စားခဲ့တဲ့ အမှတ်တရများစွာနဲ့ ဖျော်ဖြေခဲ့ကြတာပါ။
ပွဲကို လာရောက်ဆင်နွှဲကြတဲ့ လူငယ်တွေအနေနဲ့ ပါဝင်တဲ့ ကစားနည်းတွေကို ကလေးဘဝက ကစားခဲ့ကြတဲ့ အတိုင်း ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ကစားကြတာတွေ့ရပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဒီဘက်ခေတ်မှာ ဖုန်းနဲ့ ကစားလို့ရတဲ့ ဂိမ်းတွေ ခေတ်စားလာခဲ့လို့ ယခင်က ကစားနည်းတွေ ပျောက်ကွယ် ခဲ့ပေမယ့် ဒီလို ရှားရှားပါးပါး ပြန်တွေ့လာရတဲ့အခါမှာ ဒီဘက်ခေတ် ကလေးငယ်တွေအတွက် အထူးအဆန်း တခုလိုဖြစ်နေမှာတော့ အမှန်ပါပဲ။
ကာတွန်းဇာတ်ကောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်သူက ရိုက်၊ ကစားနည်းတွေ ကစားသူက ကစား၊ မုန့်တွေ ဝယ်စားသူက စားနဲ့ ကလေးဘဝက ပျော်ရွှင်လွတ်လပ်မှုကို ပြန်လည်အမှတ်ရ ခံစားနေကြတာကို တွေ့ရပါတယ်။ မိသားစုလိုက်ရော ချစ်သူစုံတွဲရောတွေ လာရောက်ဆင်နွှဲကြပြီး သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်တွေ လာကြတာလည်း များပါတယ်။

“ငယ်ငယ်တုန်းက စားခဲ့ရတဲ့ အုံးမွှေးလုံးတို့၊ ကပ်စေးနဲတို့ ပြန်စားရလို့ ကျေနပ်တယ်။ ကာတွန်း ဇာတ်ကောင်တွေနဲ့ ဓာတ်ပုံတွဲရိုက်ရလို့ ကြိုက်တယ်။ သူတို့လည်း ပထဆုံးလုပ်တဲ့ ပွဲမို့လို့ လိုအပ်ချက်တွေ ရှိနေတာကို သိပေမယ့် ညနေ(၄) နာရီ လူတွေအထဲဝင်မှ တချို့နေရာတွေ ဆိုင်ခင်းတာတို့ ပိုစတာကပ်တာတို့ လုပ်တာတော့ တွေ့ရတယ်။ ကျန်တာတွေတော့ အားလုံးအဆင်ပြေပါတယ်။” လို့ ဒီပွဲကို သွားရောက် လည်ပတ်ခဲ့သူ မယု က ဧရာဝတီကို ပြောပါတယ်။
လူငယ်အများအပြား သွားရောက်လည်ပတ်ခဲ့ကြပြီး ပျော်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ရရှိတဲ့ ရံပုံငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ဘကကျောင်းများမှာ ပညာသင်ကြားနေကြတဲ့ ကလေးငယ်များရဲ့ ပညာရေး အတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ပရဟိတပွဲဖြစ်ပေမယ့် ရိုးရိုးမဟုတ်ဘဲနဲ့ ဖျော်ဖြေရေးနဲ့ တွဲပြီးလုပ်ထားတော့ ပိုပြီးကောင်းတယ်လို့ မြင်ပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ ပျော်ပါတယ်” လို့ မအေးခန့်က အဆိုပါပွဲကို တက်ရောက်ခဲ့ရတဲ့ သူ့ရဲ့ခံစားချက်ကို ပြောပြသွားပါတယ်။