Lifestyle

ကမ္ဘာ့ဆေးရွက်ကြီးအသုံးမပြုရေးနေ့မှာဆေးလိပ်ဖြတ်မယ်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ ဆေးရွက်ကြီးမဲ့ နေ့ (သို့မဟုတ်) ကမ္ဘာ့ဆေးရွက်ကြီးအသုံးမပြုရေးနေ့ (World No Tobacco Day) က နှစ်စဉ် မေ ၃၁ ရက်နေ့မှာကျရောက်ပါတယ်။ ဆေးလိပ်ပြာခွက်နဲ့ လန်းဆန်းနေတဲ့ ပန်းပွင့် အတူတွဲပြီးသင်္ကေတပြု ဖော်ပြကြတာက ကမ္ဘာတဝန်း ဆေးရွက်ကြီးကိုပုံစံအမျိုးမျိုးနဲ့ သုံးစွဲနေကြတာကိုဆန့်ကျင်ဖို့ ဖြစ်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် လူသားများအတွက် ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေပြီး နှစ်စဉ် ကမ္ဘာတဝှမ်း လူ ၆ သန်းနီးပါးသေဆုံးနေရပါတယ်။ အဲဒီထဲက ၆ သိန်းကျော်ဟာကိုယ်တိုင် ဆေးလိပ်မသောက်ဘဲ Passive Smoker အဖြစ်၊ တနည်းအားဖြင့် ဆေးလိပ်ကြောင့် တဆင့်ခံ အန္တရာယ် ခံစားနေရတာပါ။ ဒါကြောင့် ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က ၁၉၈၇ ခုနှစ်မှာ ဆေးရွက်ကြီးအသုံးမပြုရေးနေ့ကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်း ကမ္ဘာတဝန်းက အစိုးရတွေ၊ လူထုကျန်းမာရေး အဖွဲ့အစည်းတွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ ဆေးရွက်ကြီးစိုက်ပျိုးသူတွေနဲ့ ဆေးရွက်ကြီးကုန်ထုတ်လုပ်ငန်း လုပ်ဆောင်သူတွေကြားထောက်ခံမှုရော၊ ငြင်းပယ်မှုတွေရော ခံခဲ့ရပါတယ်။ ကမ္ဘာ့ ဆေးရွက်ကြီးအသုံးမပြုရေးနေ့မှာ ဆေးလိပ်သောက်သူကိုယ်တိုင်ကိုရော အနီးဝန်းကျင်က လူတွေကိုပါ အန္တရာယ်ဖြစ်စေတဲ့ ဆေးလိပ်ကိုဘယ်လို ဖြတ်ရင် ရမယ်ဆိုတာတင်ပြပေးလိုက်ပါတယ်။

ပထမဆုံး ဆေးလိပ်သောက်သုံးတာကြောင့် သင့်ရဲ့ အဆုတ်ကျန်းမာရေး ဘယ်လိုအနေအထား ဖြစ်နေပြီလဲဆိုတာ စဉ်းစားကြည့်ပါ။ သင် စကားပြောတဲ့အခါ အသံတွေ အက်ကွဲနေသလား၊ ပျာယာခတ်ပြီး စိတ်ကဏှာမငြိမ် ဖြစ်နေသလား၊ တောင်ကုန်းတွေ အမြင့်နေရာတွေကို ရင်ခုန်စိတ်လှုပ်ရှားပြီး ကြောက်တတ်နေပြီလား၊ ရေကူးတဲ့အခါ ဒါမှမဟုတ် ရေပြင်ပေါ် ဖြတ်ပြီးလှေ၊ ဖောင်တွေနဲ့ သွားရတဲ့အခါတွေမှာ သင်ရင်တွေခုန် ကြောက်နေတတ်ပြီလားဆိုတာတွေပေါ့။ တကယ်လို့ တခုခု ဖြစ်နေပြီဆိုရင် ဆေးလိပ်ကသင့် အဆုတ်၊ သင့်နှလုံးနဲ့ သင့် အသည်းတို့ကို ကျန်းမာရေး အန္တရာယ် ဆိုးကျိုးတွေ ပေးနေပြီဖြစ်လို့ သင် ဆေးလိပ်ဖြတ်ဖို့ မဖြစ်မနေ ကြိုးစားရမှာ ဖြစ်တယ်။

ဆေးလိပ်ဖြတ်ဖို့ ပူရှိန်းရှိန်းပူဒီနာ၊ ပရုပ်ချိုချဉ် ပူရှရှတွေနဲ့ အစားထိုးရပါတယ်။ အဲဒီပူရှိန်းရှိန်းပူရှရှ အရသာကဆေးလိပ် သောက်ချင်စိတ် နည်းပါးစေပါတယ်။ နောက် သင် ဆေးလိပ်သောက်ရာမှာ သုံးစွဲတဲ့ စီးကရက်ဘူး၊ မီးခြစ်၊ ဆေးလိပ် ပြာခြွေတဲ့ ကလပ် စတဲ့ ဆက်စပ်ပစ္စည်းတွေကိုစွန့်ပစ်လိုက်ပါ။ အဲဒီပစ္စည်းတွေ မတွေ့ရတဲ့အခါ ဆေးလိပ်သောက်ချင်တဲ့ စိတ်ကို ဖြစ်စေမှာမဟုတ်ဘူးလေ။တကယ်လို့ သင်ဟာဆေးလိပ်ကို အဆက်မပြတ် သောက်သုံးတတ်သူ ဖြစ်နေရင်တော့ ဆေးလိပ်ကို လုံး၀ ဖြတ်တာမျိုးမလုပ်သေးဘဲ ငါ.. ဆေးလိပ် မသောက်ဘဲ ၃ ရက်နေမည်၊ ၅ ရက်နေမည်၊ ၁ ပတ် နေမည် စသဖြင့် ကာလပိုင်းခြားသတ်မှတ်ဖို့ လိုပါတယ်။ အဲဒီကာလအတွင်း ကိုယ့်ကိုယ်ကိုထားတဲ့ ကတိအတိုင်း မဖြစ်မနေ လိုက်နာပါ။ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာနိုင်တဲ့အခါ သင့်ရဲ့ စိတ်စွမ်းအားလည်း မြင့်မားလာသလို ထက်သန် စိတ်လည်း ဖြစ်လာမှာသေချာပါတယ်။

သင့်ကိုယ် သင်လည်းငါဟာ ဆေးလိပ်ကင်းသူလို့ ပြောရမယ်၊ အဲဒီလိုနေ့စဉ် ပြောပြောနေတဲ့အခါ အပြုစိတ်က ဆေးလိပ်ကင်းပဇုန်ဘက်ကို ဦးတည်လာစေမှာဖြစ်တယ်။ တချို့ ဆေးလိပ်ဖြတ်သူတွေ ဆေးလိပ် ပြန်သောက်ကြတာ ဘာဖြစ်လို့လဲဆိုတော့ အဆိပ်မှန်းသိလျက် သောက်နေသူတွေ၊ နီကိုတင်းရဲ့ ဆွဲဆောင်ရာက မလွတ်မြောက်နိုင်သူတွေ ဖြစ်နေလို့ပဲပေါ့။သင့်အတွက် ပထမ ၃ လ ဆေးလိပ်ကင်းပြီဆိုရင်တော့ သင်ဟာဆေးလိပ်ပြတ်ဖို့ သေချာနေပါပြီ။

နောက်တချက် ပြောချင်တာက သင်ဟာဆေးလိပ် ဖြတ်ထားတဲ့အကြောင်း အပေါင်းအသင်းသူငယ်ချင်တွေနဲ့ သင့်ဝန်းကျင်က လူတွေသိအောင် ပြောထားဖို့ လိုပါတယ်။ ဒါမှ သူတို့က သင့်ကိုဆေးလိပ်နဲ့ ကင်းဝေးစေမယ့် အပြုအမူတွေ ပြုမူလာမှာ ဖြစ်လို့ပဲ။

နည်းနည်းလေးထပ်ပြောချင်တာက ဆေးလိပ်ဖြတ်တဲ့အခါ စားသုံးသင့်တဲ့ အစားအစာတွေ အကြောင်းပဲ။

ဆေးလိပ်ဖြတ်တဲ့အခါ နို့သောက်ပါ။ နို့က အကောင်းဆုံးအာဟာရရစေသလို နို့တခွက် သောက်ထားတဲ့သူဟာ ဆေးလိပ် သောက်ချင်စိတ် မရစေဘူးလို့ သုတေသနပြုသူတွေ ဆိုပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်သူတွေကို နို့သောက်ဖို့ အကြံပြုတာပါ။ နောက် ဗီတာမင် စီပေါကြွယ်လှတဲ့ အသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီးနဲ့ သံပုယို အပါအဝင် အသီးအနှံတွေ စားသုံးပေးပါ။ ဗီတာမင် စီက ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေတယ်လေ။

ဟင်းသီးဟင်းရွက် စားသုံးခြင်းကလည်းဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေပါတယ်။ ကမ္ဘာပေါ်မှာ သက်ရှည် ကျန်းမာတဲ့ သူတွေဟာ ဟင်းသီးဟင်းရွက် စားသုံးသူတွေ အများစုဖြစ်ပါတယ်။ ဆေးလိပ်ကင်းဝေး ကျန်းမာရေးအတွက် တင်ပြလိုက်ပါတယ်။

Ref: www.onlymyhealth.com&www.wikipedia.org

Loading