Miss Myanmar World ပြိုင်ပွဲဝင် အလှမယ်တဦးဖြစ်တဲ့ ရွှေအိမ်စည်က Miss World ပြိုင်ပွဲကြီးအတွက် ထိုင်းနိုင်ငံမှာ သွားရောက် လေ့ကျင့်မှုများပြုလုပ်ပြီး ချန်နယ်တခုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တခုမှာ ထိုင်းနိုင်ငံဘက်က မြန်မာအလှမယ်တွေအပေါ်မှာ ကောင်းမွန်စွာ ပြောဆိုဆက်ဆံခြင်းမရှိဘဲ စကား ပြောဆိုတာကအစ ကြမ်းတမ်းတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ဒီပြောဆိုမှုကို ထိုင်းနိုင်ငံမှ ရုပ်သံချန်နယ်တခုဖြစ်တဲ့ Channel 3 ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တခု မှာ ပြောဆိုလိုက်တာပါ။
“ကျမ ပြောတယ်ဆိုတာ အမှန်တရားကိုပဲ ပြောတာပါ။ ကိုယ့်ရဲ့ အဖွဲ့အစည်းကိုလည်း ထိခိုက်အောင် ပြောတာမဟုတ်ပါဘူး။ အခုသွားရတဲ့ ခရီးစဉ်မှာ ကြုံရတဲ့ အကြောင်းအရာလေးတွေကို ပြောပြတာပါ။ ဆိုလိုတာက ဒီ ခရီးစဉ်မှာ ဒီအဖွဲ့အစည်းက ဒီလူတွေက ဆက်ဆံမှုအပိုင်းတွေ အဆင်မပြေလို့ ကိုယ်က စောဒကတက်တဲ့အနေနဲ့ပြောတာပါ”လို့ အလှမယ် ရွှေအိမ်စည်က ဧရာဝတီကိုပြောပါတယ်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး အလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss World ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဒီနှစ်နဲ့ဆို သုံးကြိမ်တိုင်ခဲ့ပါပြီ။
ဒါ့အပြင် Miss Myanmar World အဖြစ် ရွေးချယ်နိုင်ဖို့ကိုလည်း Miss Myanmar World Organization အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံထားရတဲ့ ဆန်ကာတင် အလှမယ်များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပြီး လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးနေတာဟာလည်း နှစ်တိုင်းဆိုသလိုပါပဲ။
ဒီနှစ်မှာလည်း Miss Myanmar World ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် အယောက် ၂၀ ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ ဘန်ကောက်မြို့တွေမှာ လေ့ကျင့်မှုတွေနဲ့ ရိုက်ကူးလေ့ကျင့်မှုတွေကို သွားရောက် ပြုလုပ်ကြရ တာပါ။
ဆက်လက်ပြီး “မြန်မာနိုင်ငံမှာက ဒီပွဲအတွက် National Director ကို ထိုင်းကနေ ပြန်ခန့်ထားတာ။ စပွန်ဆာတွေကလည်း ထိုင်းကုမ္ပဏီတွေ များတယ်ပေါ့။ ကျမနည်းနည်းတော့ ရိပ်မိပါတယ်။ ဒါပေမယ့် ရပါတယ်ပေါ့။ နောက်ပိုင်း Camp ဝင်တဲ့အခါကျတော့ ဘယ်ဟာက ဘယ်လိုအခြေအနေရှိတယ်ဆိုတာ သတိထားမိလာတယ်။ တကယ်တမ်း ကျမ ဗီဒီယိုဖိုင် အင်တာဗျူးအဖြေကို တင်လိုက်မှ အဖြေမှန်ကို ရတာပေါ့။ တကယ်တမ်းက မြန်မာနိုင်ငံမှာ Miss World အတွက် Organzation က မရှိဘူးဆိုတာ အဲဒီတော့ ထိုင်းဘက်ကနေ ကိုင်နေတာဆိုတော့ ဒီအပေါ် သက်ရောက်မှုကတော့ ရှိမှာပဲလေ” လို့ မြန်မာနိုင်ငံက အလှမယ်တွေအပေါ် ထိုင်းဘက်မှ လိုတာထက်ပိုတဲ့ သြဇာလွှမ်းမိုးမှုတွေရှိတယ်လို့ သူ့ရဲ့ ပြောဆိုချက်ကို ပြန်လည်ရှင်းပြပါတယ်။
ဒါ့အပြင် မယ်ကမ္ဘာပြိုင်ပွဲကြီးအတွက် ထိုင်းနိုင်ငံတွင် လေကျင့်မှုများ သွားရောက်လုပ်ကိုင်ကြရတဲ့ Miss Myanmar World ဆန်ကာတင် အလှမယ် အယောက် ၂၀ လုံးဟာ ကြိုးစားနေလျက်သားနဲ့ ကြိုးစားသ လောက် မရမှာကို စိုးရိမ်ကြောင်း၊ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်ကို မရွေးပါဘူးလေ ဆိုတဲ့ စိတ်ခံစားချက်မျိုး ပြိုင်ပွဲဝင် အယောက် ၂၀ လုံးကို မခံစားစေလိုကြောင်းနဲ့ အခုလို ကိုယ့်နိုင်ငံ ကိုယ်စားပြုမယ့် အလှမယ်ကို ကိုယ့်နိုင်ငံ အဖွဲ့အစည်းက မဟုတ်ဘဲ တခြားနိုင်ငံ အဖွဲအစည်းတခုခုမှ ရွေးချယ်မယ်ဆိုရင် သူတို့အနေနဲ့ သူတို့နိုင်ငံထက်သာတဲ့ သူကိုရွေးမှာ မဟုတ်နိုင်ကြောင်း အလှမယ် ရွှေအိမ်စည်က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။
ဆက်လက်ပြီး လေ့ကျင့်ချိန်ကာလအတောအတွင်းမှာ ဘယ်လို အခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ ဆိုတော့ “မြန်မာအလှမယ်တွေအပေါ်မှာ သူတို့ ဆက်ဆံတာ ရိုင်းတာတော့ မဟုတ်ပေမယ့် တခါတလေ ကျရင် သူတို့ ပြောတာဆိုတာတွေက နည်းနည်း ရန်တွေ့နေတဲ့ ပုံစံပေါက်နေတယ်။ သူတို့ဘက်က ထိုင်း အလှမယ်တွေသာ မြန်မာကိုလာရင် ဒီဘက်က ဒီလိုဆက်ဆံမှာ မဟုတ်ဘူး။ ကိုယ်တွေဘက်က ကောင်းကောင်းမွန်မွန် ဧည့်သည်တယောက်လိုဆက်ဆံမှာ၊ တခါတလေကျရင် သူတို့က ကူညီတာ ဆိုပေမယ့်စကားပြောတဲ့အခါ မထိတထိနဲ့ နှိမ်တဲ့ ချိုးတဲ့အခါတွေ ရှိတယ်။ အဲဒီတော့အဆင်မပြေဘူး။ Repect မထားတာပေါ့။ကိုယ်က ကောင်းကောင်းမွန်မွန်ပြောတာကို သူတို့ဘက်က ကောင်းကောင်းမွန်မွန် မတုံ့ပြန့်ဘူး။ တမျိုးကြီးခံစားရတယ်။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံက အလှမယ်တွေကို မြန်မာ တွေကလွဲလို့ ဘယ်သူကမှ မရွေးသင့်ဘူး”လို့ ဆိုပါတယ်။
အသက် ၁၇ နှစ်အရွယ် အလှမယ် ရွှေအိမ်စည်ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်လာခဲ့ပြီး ယခု Miss Myanmar World 2016 ပြိုင်ပွဲဝင် ဆန်ကာတင် အယောက် ၂၀ ထဲမှ ပြိုင်ပွဲဝင်တဦးလည်းဖြစ်ကာ ဒီပြိုင်ပွဲဟာလည်း သူ့ရဲ့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။
အခုလို မြန်မာအလှမယ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်မှ Miss Myanmar World အဖွဲ့အစည်းအနေနဲ့ ဘယ်လို သဘောထားရှိသလဲဆိုတာကို မေးမြန်းကြည့်တဲ့အခါ “ကျနော့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ ဒီဘက်က အလှမယ်နဲ့ ဟိုဘက်က organization တို့ ဘာသာစကား အခက်အခဲအရ နားလည်မှုလွဲတယ်လို့ ပြောချင်ပါတယ်” လို့ Miss Myanmar World အဖွဲ့အစည်းမှ National Director ကိုစိုးသူရက ဧရာဝတီကိုပြောပါတယ်။
Miss Myanmar World 2016 ဖိုင်နယ်ပွဲစဉ်ကို ဇွန်လ ၄ ရက်နေ့မှာ ရန်ကုန်မြို့ Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။