ပန်းချီကားပေါင်း ၄၀ ကျော် ပြသမယ့် Visit to the Labyrinth in the Universe (စကြဝဠာထဲက ဝင်္ကပါကို လည်ပတ်ခြင်း) လို့ အမည်ပေးထားတဲ့ အမျိုးသမီး Artist ဆုအိန္ဒြာရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ဒဂုံမြို့နယ်၊ နဝဒေးလမ်းရှိ Think Gallery မှာ ဇွန် ၃ က ၆ ရက်နေ့ အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
ပန်းချီ ဆုအိန္ဒြာရဲ့ ပန်းချီရေးဆွဲ ဖန်တီးမှု အပြောင်းအလဲကို လေ့လာတဲ့အခါ အစောပိုင်းမှာ Expressionism ဆန်တဲ့ ပန်းချီကားတွေ ရေးဆွဲရာကနေ နောက် တဖြည်းဖြည်းနဲ့ Abstract နွှယ်တဲ့ ပန်းချီကားတွေ ပြောင်းလဲ ဖန်တီးလာခဲ့ပြီး နောက်ပိုင်း ပန်းချီကားတွေမှာတော့ Figure တွေ မပါတော့ဘဲ အရောင်တွေနဲ့ စိတ်ခံစားမှုကို ထင်ဟပ် ပြလာတာ တွေ့ရပါတယ်။
ဆုအိန္ဒြာကို ဖခင် ဦးသန်းစိုးနဲ့ မိခင် ဒေါ်ခင်သိန်းတို့က ၁၉၆၅ ခုနှစ်မှာ ရန်ကုန် ကြည့်မြင်တိုင်မှာ မွေးဖွားပါတယ်။ ၁၉၈၄ ကနေ ၁၉၈၆ ခုနှစ် အထိ ရန်ကုန် ပန်းချီပန်းပု ကျောင်းကနေ ပန်းချီအထူးပြုနဲ့ တက်ရောက် အောင်မြင်ခဲ့ ပါတယ်။ အဲဒီနောက် ၁၉၉၆ ကနေ ၂၀၀၉ အထိ အင်ဒိုနီးရှားနဲ့ တရုတ် Brand တွေအတွက် ဒီဇိုင်းတွေ ဖန်တီးခဲ့ပြီး၊ ၂၀၁၁ ကနေ ၂၀၁၅ အထိ ပြည်တွင်း Brand အတွက် အမျိုးသမီး သီးသန့် အဝတ်အထည် ဒီဇိုင်းတွေ ဖန်တီးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒီဇိုင်း ဖန်တီးမှုကို ရပ်နားလိုက်ပြီး ပန်းချီကိုသာ တစိုက်မတ်မတ် ရေးဆွဲလာတာပါ။
ပြပွဲ အမည်ဖြစ်တဲ့ Visit to the Labyrinth in the Universe (စကြဝဠာထဲက ဝင်္ကပါကို လည်ပတ်ခြင်း) လို့ အမည် ပေးခဲ့တာနဲ့ ပတ်သက်ပြီး သူက “လောက ဘ၀ ဖြစ်တည်မှု ရှင်သန်မှုတွေ အကြောင်း တွေးတောမိ စဉ်းစားမိတော့ ဆိုးတာတွေရော၊ ကောင်းတာတွေရော ဝင်္ကပါလို ဖြစ်နေပါလား၊ မခံယူချင်လို့ ရှောင်လွှဲ မရသလို ခံယူ ရချင်ပေမယ့်လည်း လက်ခံယူလို့လည်း မရနိုင်ဘူး ဆိုတဲ့ အကြောင်းတွေပေါ့။ အဲဒီ အတွေးနဲ့ ခံစားမှုတွေကို ပန်းချီကားတွေမှာ ထင်ဟပ် တင်ပြထားတာပါ” လို့ ရှင်းပြပါတယ်။
သက်ရှိ သတ္တဝါတွေရဲ့ ကျင်လည်ရတဲ့ အကြောင်းတရား၊ မည်သူက ဖန်တီးတာလဲ၊ တပါးသူ မည်သူကမျှ စေ့ဆော်ဖန်တီး ပေးတာ မဟုတ်၊ အကျိုးနဲ့ အကြောင်း သံသရာလည်နေတာကို သိလာ၊ ရပ်တန့်ခြင်းတရားက နိဗ္ဗာန်ဆိုရင် ရပ်တန့်ခြင်းတရားနဲ့ တည်မြဲချင်ပေမယ့် စကြဝဠာထဲက ကမ္ဘာငယ်မှာ တဝဲလည်လည် ခရီးသွားနေမိပြန်တယ်လို့ သူက ဆက်ပြောပါတယ်။
အကောင်းအဆိုး ရှောင်လွှဲခွင့်၊ ရွေးချယ်ခွင့် မရှိတဲ့ အကြောင်းတရားတွေကို ပန်းချီကားထဲမှာ မိုးရွာခြင်းနဲ့ သင်္ကေတပြု တင်ပြထားသလို ထီးပုံလေးတွေက ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ ရှာပြီးအကာအကွယ် အားကိုး ရယူတဲ့ သဘောကို ဥပမာပေး တင်ပြထားတယ်လို့ ဆိုပါတယ်။ ပန်းချီရေးတဲ့ အခါမှာ “ရင်ထဲမှာ ရှိတဲ့အတိုင်း ရေးနေတာပါ၊ ပန်းချီကား တချပ်ကို သဘာဝအတိုင်း ဆိုတာထက် အရသာကို လေးလေးနက်နက် ရစေချင်တယ်၊ ဒီလိုလေးတွေ ရေးဖြစ်သွားတဲ့ တွေးခေါ်မှုကို တကိုယ်တော် ပန်းချီပြပွဲမှာ ဆွေးနွေး ပြောပြသွားမှာပါ” လို့လည်း သူက ပြောပါတယ်။
အနုပညာသမား တဦးအတွက် အနုပညာ ဖန်တီးမှု အပြင် တခြား လိုအပ်တဲ့ အချက်နဲ့ ပတ်သက်ပြီး “Artist တဦး အတွက် အနုပညာ ဖန်တီးတင်ပြမှု အပြင် အမြင်ကြည်လင်မှု ရှိဖို့ လိုအပ်ပါတယ်။ တနည်း ပြောရရင် အကောင်းမြင် ဝါဒ ရှိသင့်ပါတယ်။ ဒါမှသာ ဖန်တီးနိုင်စွမ်းက Ardency (တက်ကြွ ထက်သန်မှု) ဖြစ်မှာပါ” လို့ artist ဆုအိန္ဒြာက ပြောပါတယ်။