ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား “ANANDA: RISE OF NOTRA” ကို ပရိတ်သတ်များထံ အပ်နှံလိုက်ပြီး လိုအပ်တာရှိရင် ဝေဖန် အကြံပြုနိုင်တယ်လို့ သိရပါတယ်။
“ANANDA: RISE OF NOTRA” ဇာတ်ကား ပရိသတ်များထံ အပ်နှံတဲ့ အခမ်းအနားနဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ Junction Square Theatre 3 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခုလို ရုပ်ရှင်ဇာတ်ကားကို ပရိသတ်ထံ အပ်နှံတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “ကျနော်တို့နိုင်ငံ အနေအထားနဲ့ဆိုရင် သိပ္ပံရုပ်ရှင်ဆိုတာ အခုမှ အရွယ်ရောက်ခါစ ကလေးလေး တယောက်လိုပါပဲ။ တကယ်တော့ လူကြီးတောင် မဖြစ်သေးပါဘူး။ ဆိုတော့ ပရိသတ်တွေ လက်ထဲကို ကျနော် ဒီဇာတ်ကားကို အပ်နှံပါတယ်။ ကလေးတွေ ကျောင်းအပ် လို့ရှိရင် ဆုံးမပါ၊ လိုအပ်တာရှိရင် ပြောပါဆိုသလိုပဲ ဒီဇာတ်ကားကို ကျနော် ပရိသတ်လက်ထဲကို အပ်ပါတယ်။ လိုအပ်တာရှိရင် ဝေဖန် နိုင်ပါတယ်။ အကြံပေးနိုင်ပါတယ်” လို့ ပြောပါတယ်။
သူက ဆက်ပြီး “နောင်မှာ ဒီလိုမျိုး သိပ္ပံရုပ်ရှင် ဇာတ်ကားတွေ နောက်ထပ် လူငယ်တွေ အများကြီး ထပ်ပြီး ရိုက်နိုင်ဖို့အတွက် ပရိသတ်ရဲ့ အားပေးမှုက အဓိကကျပါတယ်” လို့ ဆိုပါတယ်။
ဒီဇာတ်ကားကို ပြသပြီး ရရှိတဲ့ ဝင်ငွေရဲ့ အကျိုးအမြတ်တချို့ကို နောင်မှာ ဘယ်လို နည်းပညာမျိုးပဲ ဖြစ်ဖြစ်၊ နည်းပညာ၊ သိပ္ပံပညာနဲ့ တီထွင်နိုင်တဲ့လူငယ်၊ တီထွင်နိုင်တဲ့ အဖွဲ့အစည်းများကို ဒါရိုက်တာ ညိုမင်းလွင်က သူတို့ Fund (ရန်ပုံငွေ) တခု အနေနဲ့ ထောက်ပံ့ပြီး နောင်အနာဂတ် မြန်မာနိုင်ငံမှာ နည်းပညာအသစ်တွေ ထွက်လာဖို့အတွက် ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးနေတဲ့ အပိုင်း ၉၅ ရာခိုင်နှုန်း ပြီးသွားပြီလို့ သိရပြီး ပရိသတ်ကို ရုံတင် ပြသနိုင်မယ့် နေ့ကိုတော့ သေချာ မပြောတတ်သေးဘူးလို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
ဒီဇာတ်ကားကိုလည်း သရုပ်ဆောင် အသစ်များနဲ့ ရိုက်ကူးထားပြီး “ANANDA: RISE OF NOTRA” ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် Notra နေရာမှာ အဆင့်ဆင့် စိစစ် ရွေးချယ်ခံထားရတဲ့ သရုပ်ဆောင် မင်းသမီးသစ် သက်ထားဝေဇင် ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ညီမ ကာရိုက်တာက ဒီကားထဲမှာ အကြားအမြင်ရတဲ့သူ တယောက်ပါ။ အကုန်လုံးက ညီမကို ထင်ထားတာ ဂြိုဟ်သားလို့ ထင်ကြတယ်။ အမှန်က ဂြိုဟ်သားမဟုတ်ဘူး၊ အကြားအမြင်ရတဲ့ သူ၊ အနာဂတ်ကို ကြိုမြင်တတ်တဲ့ လူပါ။ အဲဒါကို Medical Lab တွေ၊ သိပ္ပံခန်းတွေထဲ ထည့်ပြီး ညီမကို သိပ္ပံပညာရှင်တွေကို စမ်းသပ်ထားတယ်။ အဲဒီနေရာကနေ သရုပ်ဆောင်ထားပါတယ်” လို့ သက်ထားဝေဇင်က ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ညီမအတွက် ဒီကားက ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးလို့ ပြောလို့ရသလို အနုပညာ လောကထဲကို ရောက်အောင် တွန်းပို့ပေးခဲ့တာလည်း ဒီကာရိုက်တာကြောင့်ပါပဲ။ ဒီဇာတ်ကားအတွက် ဘာတွေ ပြင်ဆင်ခဲ့ရလဲဆိုတော့ ဒီကားမရိုက်ခင် ညီမ အခွေတွေကြည့်၊ စာအုပ်တွေ အများကြီး ဖတ်ပြီး အရင် လေ့လာခဲ့ရတယ်။ ဒီကားရိုက်တာ ၇ လ ကြာတယ်။ ၇ လအတွင်းမှာ ညီမ ကတုံးက ၁၁ ခါ၊ မျက်ခုံးက ၃ ခါ လုံးဝအပြောင် ရိတ်ပြီး ရိုက်ရတယ်။ ညီမဘဝအတွက် အရမ်း အမှတ်တရပါပဲ။ ညီမက အသစ်ဆိုတော့ အခက်အခဲကတော့ အများကြီးပါပဲ” လို့ ဆိုပါတယ်။
ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားအနေနဲ့ “Dinosaurs Village (Journey to the Pangaea)” အမည်ရှိ ဒိုင်နိုဆော ဇာတ်ကားကို ရိုက်ကူးသွားမှာဖြစ်ပြီး အဲဒီ ဇာတ်ကားကို ညိုမင်းလွင်ရဲ့ သမီးနှစ်ယောက် ရဲရင့်နှင်းဆီလွင်၊ ပန်တျာနှင်းဆီလွင်တို့နဲ့ အတူ ထက်ထက်မိုးဦးရဲ့ သမီး စစ်လွန်းဝတီထက်တို့နဲ့ ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“ဒီဇာတ်ကားကို ကျနော် Pre-Production ကာလလို့ သတ်မှတ်ထားပြီး လာမယ့် ၈ လပိုင်းမှာ ကျနော် ရိုက်ကူးမှာ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ဧရာဝတီကို ပြောပါတယ်။
သူကဆက်ပြီး “Dinsour Village” က ကျနော် ငယ်ငယ်တည်းက မက်ခဲ့တဲ့ အိပ်မက်တခုပါ။ ၁၉၉၃ ခုနှစ်၊ ကျနော် ရှစ်တန်း စာမေးပွဲနောက်ဆုံးနေ့ညမှာ Jurassic Park ကိုငှားကြည့်ရင်းနဲ့ ငါသာ တချိန်မှာ ဒါရိုက်တာ ဖြစ်ခဲ့ရင် ဒီလိုမျိုးကား မြန်မာနိုင်ငံမှာ ရိုက်ချင်လိုက်တာဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု ဒါ ကျနော့် အိပ်မက်လေး တစွန်းတစ အကောင်အထည် ဖော်နိုင်လာတယ်လို့ ပြောလို့ ရပါတယ်” လို့ ဆိုပါတယ်။