Lifestyle

Taxi နဲ့ အိမ်စီး ၂ မျိုးစလုံးအတွက် သင့်တော်တဲ့ Nissan AD Van

This article has been converted from Zawgyi One to Unicode

ပြည်တွင်းမှာ လူကြိုက်အများဆုံး မော်ဒယ် တစ်ခု ဖြစ်တဲ့ Nissan AD ကို Taxi အဖြစ်ရော အိမ်စီးရော အဖြစ်ပါ  အများဆုံး အသုံးပြုနေကြပါတယ်။  Vanအမျိုးအစားဖြစ်တဲ့ အတွက် AD Vanလို့ တွဲခေါ်ကြပေမယ့် တကယ့် မော်ဒယ်ရဲ့ နာမည်အရင်းကတော့ AD ပဲဖြစ်ပါတယ်။ Nissan AD Van ဘယ်လို ဖြစ်တည်လာသလဲဆိုတာ အားလုံး စိတ်ဝင်စားကြမှာဖြစ်ပါတယ်။

အာရှနဲ့ တချို့ကားဈေးကွက်တွေမှာပဲ Vanလို့ ခေါ်ပြီး ဥရောပမှာတော့ Station Wagonလို့ ခေါ်ကြပါတယ်။ ၁၉၈၂ခုနှစ်ကတည်းက စတင် ထုတ်လုပ်လာခဲ့တာ ဖြစ်လို့ သက်တမ်းရင့် နေပြီ ဖြစ်သလို Nissan Wingroad ဆိုပြီးတော့လည်း နာမည်ကွဲနဲ့ ရောင်းချသေးတာ တွေ့နိုင်ပါတယ်။ ADနဲ့ Wingroadဟာ အမျိုးအစားတူ နာမည်ကွဲ မော်ဒယ်တွေဖြစ်ပါတယ်။

မော်ဒယ်ရဲ့ ပထမမျိုးဆက်ကို VB11လို့ သတ်မှတ်ပြီး သူက ၁၉၈၂ခုနှစ်ကနေ ၁၉၉၀ပြည့်နှစ်ထိအောင် ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်မှာပဲ တပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး ၁ ဒသမ ၂လီတာသုံး၊ ၁ လီတာသုံးနဲ့ ၁ ဒသမ ၇လီတာသုံး အင်ဂျင်တွေ တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။

အိမ်စီး မော်ဒယ်မျိုး မဟုတ်ဘဲ လုပ်ငန်းသုံးအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်သလို Sunny Vanတွေ အနားပေးလိုက်ချိန်မှာ အစားထိုး ထုတ်လုပ်လာတာမျိုးလည်း ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဒုတိယမျိုးဆက်ကိုတော့ Y10/N14လို့ သတ်မှတ်ပြီး သူက ၁၉၉၀ခုနှစ် အောက်တိုဘာမှာ ဈေးကွက် စဝင်လာခဲ့ပါတယ်။

ဥရောပဈေးကွက်မှာ Sunny Wagonအနေနဲ့၊ နယူးဇီလန်မှာ Sentra Wagonအနေနဲ့၊ ထိုင်ဝမ်၊ ထိုင်းနဲ့ မလေးရှားမှာ AD Resortအနေနဲ့၊ ဂျပန်မှာ Wingroadအနေနဲ့၊ မက္ကဆီကိုမှာ Tusbameအနေနဲ့၊ နောက်ပိုင်း ထိုင်ဝမ်မှာ NRVနဲ့ ထိုင်းမှာ NV Pick-up အမည်တွေ အဖြစ် လူသိများပါတယ်။ ဂျပန်မှာပဲ ဆက်လက် ထုတ်လုပ်ခဲ့ပြီး အင်ဂျင်စနစ် ၆မျိုးထိအောင် တိုးမြှင့်ထုတ်လုပ်လာခဲ့ပါတယ်။

မော်ဒယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ လက်ရှိ မျိုးဆက်ကိုတော့ ၂၀၀၆ခုနှစ်ကနေ စတင် ထုတ်လုပ်နေတာ ဖြစ်ပြီးတော့ Y12အဖြစ် သတ်မှတ်ပါတယ်။ Mazda Familia vanအနေနဲ့ရော Mitsubishi Lancer Cargoအနေနဲ့လည်း တချို့ဈေးကွက်တွေမှာ ခေါ်ကြပါတယ်။ ထိုင်းနဲ့ ဂျပန်မှာ ထုတ်လုပ်တာ တွေ့ရပြီး တံခါးငါးပေါက်စနစ် Wagonအနေနဲ့ ထုတ်လုပ်နေတာပါ။

Note, Tiida, Livina မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်း ဆင်တူတာ တွေ့နိုင်ပြီး အင်ဂျင်စနစ်ကတော့ ၁ လီတာသုံး၊ ၁ ဒသမ ၅လီတာသုံး၊ ၁ ဒသမ ၆လီတာသုံးနဲ့ ၁ ဒသမ ၈လီတာသုံး လေးမျိုးရှိပါတယ်။ ဂီယာပိုင်းမှာတော့ Manualဆိုရင် ၅ချက်နဲ့ ထုတ်လုပ်ပြီး Autoဆိုရင် ၄ချက်နဲ့ လာပါတယ်။ Renault-Nissanပေါင်းစည်းမှု နည်းပညာဖြစ်တဲ့ B-Platformကို သုံးပြီး ထုတ်လုပ်ထားတာ ဖြစ်ကာ ရှေ့ထွက် မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်းရော အင်ဂျင်စနစ်တွေပါ လုံး၀ ကွဲပြားသွားပြီး နာမည်ပဲ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ADဟာ ပြည်တွင်း ဈေးကွက် အနေအထားမှာ လူစီးအများဆုံး Nissanရဲ့ မော်ဒယ် အနေနဲ့ ရပ်တည်နေနိုင်သလို Toyota Probox ပြီးရင် လူကြိုက် အများဆုံး တန်ကြေးနည်း မော်ဒယ် အဖြစ် ရှိနေတာ တွေ့ရပါတယ်။

Loading