“မိတ်ကပ်မကြိုက်သော သီချင်းများ” တေးစီးရီးနဲ့ လူကြီး၊လူငယ် ပရိသတ်အကြား ထိုးဖောက်လာခဲ့တယ်လို့ ဆိုနိုင်မယ့် အဆိုတော် ဝေလရဲ့ တတိယမြောက် တေးစီးရီးထွက်ရှိလာတော့မှာပါ။
ဒီတေးစီးရီးရဲ့ အမည်ကတော့ “အဓိပတိဖွား” လို့ သိရပါတယ်။
“သီချင်းလေးက ၁၉၈၂ ခုနှစ် အဓိပတိဖွားဖြစ်တဲ့ ကျနော့်အကြောင်းကို ရေးပြီးဆိုထားတာပါ။ ဒီအခွေထဲက သီချင်းတွေက အရှေ့က မိတ်ကပ်မကြိုက်တဲ့ သီချင်းများ အခွေထဲက သီချင်းတွေနဲ့ ကွာပါတယ်။ ပုံစံတမျိုးပေါ့။ သီချင်း ၁၃ ပုဒ်မှာ ၉ ပုဒ် က ကျနော်ကိုယ်တိုင်ရေးထားပါတယ်” လို့ အဆိုတော် ဝေလ က ပြောပြထားပါတယ်။
ဒီ “အဓိပတိဖွား” တေးစီရီးမှာ ဝေလ အပြင် တေးရေး ညီညီသွင်၊ ရွှေဂျော်ဂျော်၊ ဗီနိုထွန်း နဲ့ အောင်ကိုမြင့်တို့ က ပါဝင်ရေးသားထားကြပြီး လူငယ်အဆိုတော် ပိုပိုဟေသာက featuring အနေနဲ့ ပါဝင်သီဆိုပေးထား ပါတယ်။
အဆိုတော်ဝေလရဲ့ “အဓိပတိဖွား” တေးစီးရီးကို ဇွန်လ ၁၂ ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် ဝေလဟာ ပထမဆုံး တကိုယ်တော် တေးစီးရီး “၁၉၈၂” ကို ၂၀၁၁ ခုနှစ်က ထွက်ရှိထားခဲ့ဖူးပေမယ့် အဲ့ဒီတေးစီးရီးဟာ မအောင်မြင်ခဲ့ပါဘူး။
ထို့နောက် သူ့ရဲ့ ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ “မိတ်ကပ်မကြိုက်သော သီချင်းများ” တေးစီးရီးထဲက တေးသီချင်းတွေဟာ ပရိသတ်အကြားမှာ အလွန်ရေပန်းစားအောင်မြင်ခဲ့ပြီး ဂီတဆုတံဆိပ်ပေါင်း များစွာကိုလည်း ရရှိခဲ့တာပါ။
အခု တတိယမြောက်တေးစီးရီး “အဓိပတိဖွား” ရော ဘယ်လိုလာဦးမလဲ။ ပရိသတ်အကြား ဘယ်လိုရေပန်းစားဦးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းမယ်လို့ ယူဆရပါတယ်။