Chevyရဲ့ မော်ဒယ် အများစုက တန်ကြေးသင့်နဲ့ တန်ကြေးကြီး မော်ဒယ်တွေပဲ များပြီးတော့ နိုင်ငံတကာ ဈေးကွက်အတွက် လက်လှမ်းမီနိုင်အောင် ဖန်တီးထားတဲ့ အခု Equinoxကတော့ ဈေးချိုချိုနဲ့ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ အများအပြား ရှိနေ တာ လည်း ဖြစ်ပါတယ်။ V6အင်ဂျင်တပ် အနေအထားလောက်ထိအောင် ဇိမ်ခံ ပုံစံမျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး ပြိုင်ဖက် မော်ဒယ်တွေထက် အကြမ်းခံနိုင်ရည်နဲ့ အတူ ခရီးဝေး မောင်းနှင်နိုင်မှုတွေက အသာစီးရနေတာလည်း ဖြစ်ပါတယ်။ အားသာ ချက် အနေနဲ့ ဆိုရင် လုံခြုံရေးစနစ် အထူးကောင်းမွန်တာ တွေ့ရတာပဲ ဖြစ်ပါတယ်။ ပြီးတော့ အတွင်းပိုင်း အပြင် အဆင် သင့်သလို အဝေးပြေး လမ်းကြောင်းတွေမှာ လိုက်ပါ စီးနင်းရမှု အပိုင်းလည်း သက်တောင့်သက်သာ ရှိလွန်းလှပါတယ်။
ဒီနေရာမှာ လေးလုံးထိုး အင်ဂျင်စနစ်နဲ့ မော်ဒယ်ခွဲတွေကတော့ စွမ်းဆောင်ရည်ပိုင်းမှာလည်း အားရစရာ မရှိလှပါဘူး။ နောက်ပြီး ထိုင်ခုံပိုင်း တည်ဆောက်မှု ကောင်းပေမယ့် အတွင်းခန်း အကျယ်အဝန်းမှာ ပြိုင်ဖက် မော်ဒယ်တွေထက် နည်းနည်း ကျဉ်းချင်နေတာလည်းတွေ့ရပါတယ်။
ကိုယ်ထည်ပိုင်းမှာတော့ ဈေးကွက်ကို အရောင် ၄ မျိုးပဲ ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားသလို အတွင်းခန်း အပိုင်းမှာက အထည်ဦးစားပေး ပုံစံ တစ်မျိုးတည်းပဲ ရနိုင်မှာပါ။ အလျား ၁၅ပေနဲ့ ၇ ဒသမ ၈လက်မ၊ မျက်နှာစာ အကျယ် ၆ပေနဲ့ ၀ ဒသမ ၅လက်မ ရှိမှာ ဖြစ်ပြီးတော့ အမြင့်ကတော့ ၅ပေနဲ့ ၆ ဒသမ ၃လက်မ ရှိမှာပါ။
ကိုယ်ထည်နဲ့ မြေပြင်ကို ၆.၉လက်မထိအောင် ကွာဟအောင် လုပ်ဆောင်ထားပြီး လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် သင့်ပါတယ်။ အတွင်းခန်းတွေကတော့ ရှေ့ဖက်ခန်းက ၅၅ ဒသမ ၈လက်မနဲ့ နောက်ဖက်ခန်းက ၅၅ ဒသမ ၃လက်မ ထိအောင် ရှိတာကြောင့် အာရှထုတ် မော်ဒယ်တွေနဲ့စာရင်တော့ မကျဉ်းလှပါဘူး။
V6အင်ဂျင်နဲ့ မော်ဒယ်တွေကို ပိုပြီး သဘောကျပေမယ့် တန်ကြေးနည်း အနေနဲ့ ရနိုင်မယ့် လေးလုံးထိုး မော်ဒယ်က မြန်မာ့ လမ်း အခြေအနေနဲ့ ပိုပြီး သင့်တော်ပါတယ်။ တပ်ဆင် အင်ဂျင်က ၂ ဒသမ ၄လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် ဖြစ်ပြီး တော့ တစ်မိနစ် လည်ပတ်အား ၄၉၀၀မှာ ရုန်းအားက ၁၇၂ပေါင်-ပေထိအောင် ရှိပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်း ကောင် ရေ ၁၈၂ကောင်အားပါ။ အင်ဂျင်ရဲ့ အခြေခံ လည်ပတ်အား များလွန်းတဲ့ တစ်ချက်ကတော့ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ အားနည်းသွားစေပြီး အမြင့်ဆုံး လည်ပတ်အားက တစ်မိနစ် အပတ်ရေ ၆၇၀၀ထိအောင် ဖြစ်လို့ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ပြန်ကောင်းသွားပါတယ်။
မော်ဒယ် အနေနဲ့ ဆီစားကို ချိုစေချင်တာကြောင့် ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ တွေ့ရပြီး ဂီယာချက် အပိုင်းမှာ ၆ချက်တည်း ဖြစ်ပါတယ်။
Autoစနစ်နဲ့ သွားမှာ ဖြစ်ပြီးတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၉ ဒသမ ၈ စက္ကန့်ထိအောင် ယူပါလိမ့်မယ်။ ဒါဟာ ပုံမှန် ပြိုင်ဖက် မော်ဒယ်တွေထက် နှေးချင်နေတာ ဖြစ်ပြီးတော့ ကားရဲ့ အလေးချိန် ပေါင် ၃၇၇၇ပေါင်နဲ့ ဝန်တင်ဆောင်နိုင်မှု ပေါင် ၁၅၀၀တွေကို ပြန်ထည့်တွက်မယ် ဆိုရင်တော့ မဆိုးလှပါဘူး။ မော်ဒယ် အနေနဲ့က အင်ဂျင်ပိုင်းလည်း အရွယ်ကြီးသလို လည်ပတ်အားလည်း များတာကြောင့် ဆီစားတော့ နည်းနည်း များတာ တွေ့ရပြီး ဆီတစ်ဂါလံကို ၂၆မိုင်လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီး အဝေးပြေး လမ်းကြောင်းအတွက်က ၃၂မိုင်လောက်ထိအောင် ရပါလိမ့်မယ်။
ဘရိတ်အပိုင်းမှာ ABSစနစ်နဲ့ နောက်ထပ် လျှပ်စစ် အကူစနစ် တချို့ကိုပါ ကူထားတာ တွေ့ရပြီး ဒီအပိုင်းမှာတော့ တပ်ဆင် ထားရှိမှု အားမနည်းလှပါဘူး။ အမေရိကန်ထုတ် မော်ဒယ် ဖြစ်တာကြောင့် ကိုယ်ထည်ပိုင်း အကြမ်းခံနိုင်မှုနဲ့ စိတ်ချရမှု အပိုင်းတွေက ထိပ်တန်း အရည်အသွေးရှိတာ တွေ့ရပြီး တန်းတူ ပြိုင်ဖက်တွေထက် ပိုသာပါတယ်။
Equinoxနဲ့ ပတ်သတ်တဲ့ သုံးသပ်ချက် တစ်ခုလောက် ပေးရမယ် ဆိုရင် ဆီစားအပိုင်းမှာ တချက်လေး စိတ်ထဲ ထင့် နေတာလေးကလွဲလို့ ကျန်တဲ့ အပိုင်းတိုင်းကို စိတ်ကြိုက်တွေ့မိပါတယ်။ နောက်ပြီး V6အင်ဂျင်တပ် မော်ဒယ်တွေ ဆိုရင် တန်ကြေးလည်း သင့်သွားသလို ဇိမ်ခံ မော်ဒယ် အနေနဲ့လည်း စီးနင်းနိုင်တာကြောင့် V6အင်ဂျင်တပ် မော်ဒယ်တွေကို ပိုပြီး သဘောကျမိတယ်လို့ ဆိုပါရစေ။