ပူပြင်းတဲ့ အယ်လ်နီညိုနေ့ရက်တွေအပြီး အေးမြတဲ့ မိုးရာသီကို ရောက်လို့လာပါပြီ။ ဒီလို မိုးရာသီမှာ နွေရာသီနဲ့ လုံးဝ ပြောင်းပြန်ဖြစ်သွားပြီဆိုတော့ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင် စတာတွေ အကုန်လုံးကို မိုးရာသီနဲ့ လိုက်ဖက်အောင် နေထိုင်ကြရတော့မှာပါ။
ဒီရာသီမှာ အစားအသောက်ကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် မိုးရာသီရဲ့ရာသီစာ အစားအသောက်လေးတွေအကြောင်း နည်းနည်းလောက်ပြောပြချင်ပါတယ်။ မိုးရာသီက အေးတဲ့ရာသီဖြစ်တာကြောင့် ပူနွေးတဲ့ အစားအစာတွေကို စားသုံးသင့်တယ်လို့ အကြံပေးပါရစေ။
ဥပမာ- ရခိုင်မုန့်တီပေါ့။ သူက ပူစပ်တဲ့သဘာဝရှိတာကြောင့် ရခိုင်မုန့်တီ ပူပူစပ်စပ်လေး စားလိုက်ရင် မိုးရာသီကြောင့် ထုံထိုင်းနေတဲ့ စိတ်တွေ ပေါ့ပါးသွက်လက်သွားမှာ အမှန်ပါ။
နောက်တခုက ဟော့ပေါ့ပါ။ ခုဆိုရင် ဟော့ပေါ့ဆိုင်တွေ တော်တော်များလာပါပြီ။ ဟော့ပေါ့ကို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်၊ သွားစားသင့်ပါတယ်။ ဟော့ပေါ့ဟာလည်း ပူပူလောင်လောင် အငွေ့တထောင်းထောင်းနဲ့ စားသောက်ရတဲ့ စားစရာဖြစ်တာကြောင့် မိုးရာသီနဲ့ လိုက်ဖက်တဲ့ စားစရာတစ်ခုပါ။
နောက်ထပ် မိုးရာသီတွင် အိမ်မှာ ချက်စားသင့်တဲ့ ဟင်းလျာက ငါးရခိုင်ချက်ပါ။ ငါးကို မန်ကျည်းမှည့်အနှစ်၊ ငရုတ်သီးစိမ်းနဲ့ ရောပြီး အရည်နဲ့ ချဉ်စပ် စားရတာပါ။ ငါးကို အရင်ပြုတ်ရတဲ့အတွက် ငါးရဲ့အသားက စိမ့်ပြီး ချိုနေတာပါ။ အရည်ရဲ့ချဉ်စပ်အရသာနဲ့ ပေါင်းလိုက်တဲ့အခါမှာ စားမြိန်စေတဲ့ မိုးရာသီ ဟင်းတခွက်ကို ရရှိမှာဖြစ်ပါတယ်။
နောက်ထပ်တမျိုးအကြံပေးချင်တာကတော့ မြေအိုးမြီးရှည်ပါပဲ။ စပ်ရှိန်းရှိန်းနဲ့ ချဉ်ဖြုံးဖြုံးအရသာက စားရင်းနဲ့ ချွေးထွက်စေပါတယ်။ မိုးအေးအေးနဲ့ မြေအိုးမြီးရှည်စားရတာ တကယ်အရသာရှိပါတယ်။ မိုးရာသီ နေ့ရက် တွေက စိတ်ကို လေးလံထိုင်းမှိုင်းစေတာကြောင့် ဒီလို ချဉ်ငန်စပ် အရသာနဲ့ ပူပူစပ်စပ်အရသာရှိတဲ့ အစားအစာ တွေက အသင့်တော်ဆုံးပါလို့ အကြံပေးလိုက်ပါရစေ..။