တရုတ်နိုင်ငံထုတ် စမတ်ဖုန်းသစ် Meizu M note 3 ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါပြီ။
အဆိုပါ Meizu M note 3 တရားဝင် မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းကုမ္ပဏီ Meizu Technology (MEIZU) မှ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အစ္စရေး၊ ရုရှား၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကျယ်ပြန့်စွာ ဖြန့်ချိခဲ့ပြီး မြန်မာနိုင်ငံကို ဈေးကွက်အသစ်တခုအနေနဲ့ ထပ်မံဖြန့်ချိတာပဲ ဖြစ်ပါတယ်။
“ကျနော်တို့ အနေနဲ့ MEIZU Showroom (အရောင်းပြခန်း)တွေနဲ့ ဆားဗစ်စင်တာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ အရောင်းပြခန်း ၂၀ ကျော်နဲ့ ဆားဗစ်စင်တာ ၅ ခု ဒီနှစ်အတွင်း ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ လက်လီအရောင်းဆိုင် ၁၀၀၀၀ ကျော် ဖွင့်လှစ်နိုင်ပြီး ဖြစ်လို့ လာမယ့်နှစ်တွေမှာ ဆိုင်အရေအတွက် ၂၃၀၀၀ အထိ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ Meizu ရဲ့ မြန်မာနိုင်ငံတရားဝင် ဖြန့်ချိရေး ကိုယ်စာလှယ်၊ Oriental Zebra ကုမ္ပဏီ တည်ထောင်သူ Mr. Gu Yonsheng က ပြောပါတယ်။
MEIZU M3 note စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပြီး ပုံထွက် အရည်အသွေး 1920 x 1080 ရှိပါတယ်။ M3 note မှာ လက်ဗွေစနစ် ပါဝင်ပြီး ဘက်ထရီအားပမာဏကတော့ ၄၁၀၀ mAh ဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်အတွက် Helio P10 Processor ကို အသုံးပြုထားပြီး 1.8 GHz CPU ရဲ့ A53 စနစ်က ဂိမ်းကစားသူတွေ အကြိုက်ဖြစ်မှာပါ။
Mail-T860 64-bit GPU ပါဝင်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရုပ်သံတွေရဲ့ ရုပ်ထွက်အားကို ကောင်းမွန်စွာ ကြည့်ရှုနိုင်ပါတယ်။ ကင်မရာ အရည်အသွေးကတော့ အနောက်ဘက်ကင်မရာကို 13 megapixel ၊ အရှေ့ဘက် Selfie ကင်မရာကို 5 megapixel တို့ အသုံးပြုထားပြီး အလင်းနှစ်ဆပေးစနစ် ပါဝင် အသုံးပြုထားတယ်လို့ သိရပါတယ်။
အဆိုပါ MEIZU M3 note စမတ်ဖုန်းကို SIM ကတ်နှစ်ကတ်ထိုး အသုံးပြုနိုင်ပြီး အရောင်အားဖြင့် ရွှေရောင်၊ ခဲရောင်၊ ငွေရောင် စသဖြင့် အရောင် ၃ မျိုးနဲ့ ရရှိနိုင်မှာပါ။ ဈေးနှုန်းကတော့ မှတ်ဉာဏ် ပမာဏ 16GB ဖုန်းကို ၁၇၅၀၀၀ ကျပ်၊ 32GB ဖုန်းကို ၁၉၉၀၀၀ ကျပ် ဖြစ်ပါတယ်။
ဒါကြောင့်မလို့ ဈေးနှုန်းသင့်တင့်ပြီး လက်ဗွေစနစ်ပါဝင်တဲ့ တန်ဖိုးသင့် နှစ်ကတ်ထိုး MEIZU M3 note စမတ်ဖုန်းကို စမတ်ဖုန်းဈေးကွက်မှာ ထပ်မံရွေးချယ်စရာ ပေါ်ပေါက်လာတယ်လို့ ဆိုရပါမယ်။