ဟာသသရုပ်ဆောင် ဗေလုဝနဲ့ တွဲဖက်ပြီး ရိုက်ကူးမယ့် ထိုင်းအမျိုးသမီးသရုပ်ဆောင် Phatchara Thabthong ဟာ ဇွန် ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာကာ စာနယ်ဇင်း မိတ်ဆက်ပွဲကို နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။
ထိုင်းအမျိုးသမီးသရုပ်ဆောင် Phatchara Thabthong ဟာ “နာနာဘာဝ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာ ဟာသ သရုပ်ဆောင် ဗေလု၀ နဲ့ တွဲဖက်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင် ဗေလုဝက အဓိကခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မှာပါ။
“ဒီ ဇာတ်လမ်းက ထူးခြားတယ်လေ၊ ဘာသာစကားအရပဲ အခက်အခဲရှိမှာကြောင့် တယောက်နဲ့တယောက် အပေးအယူမျှဖို့အတွက် အားထုတ်ရမှာပေါ့။ ဘာသာစကားအတွက်က ကျနော်က ဒီကားစရိုက်တာနဲ့ ကျနော်ရဲ့ညီလို ခင်ရတဲ့ ထိုင်းဘာသာစကားကို နားလည်တဲ့ ညီလေးတယောက်ကို ဘေးမှာခေါ်ထားမယ်။ တော်ကြာ သူနားလည်မှု လွဲပြီး သရုပ်ဆောင်တဲ့အခါ သူလုပ်တာတခြား၊ ကိုယ်လုပ်တာတခြားဖြစ်နေမှာဆိုးလို့ပါ” လို့ သရုပ်ဆောင် ဗေလုဝက ဧရာဝတီကို ပြောပါတယ်။
ဇာတ်လမ်းပုံစံက ထိုင်းသရဲမလေးနဲ့ မြန်မာလူမျိုးအမျိုးသားတယောက်တို့ရဲ့ အကြောင်းဖြစ်ပြီး ထိုင်းသရဲမလေးရဲ့ ကွဲကွာနေတဲ့ချစ်သူကို မြန်မာအမျိုးသား ဗေလုဝက ပြန်လည်ဆုံစည်းအောင် ရှာပေးရတဲ့ ဇာတ်ဖြစ်ကာ ဟာသနှောပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းမင်းသမီးက သူနဲ့အတူတူ ယခုလို တွဲဖက်သရုပ်ဆောင်ရမယ့် သရုပ်ဆောင် ဗေလုဝကို အင်တာနက်မှာ တွေ့ဖူး တယ်လို့ ဆိုပြီး အခုအပြင်မှာတွေ့ရတဲ့အခါ အဖေအရွယ်ဖြစ်နေကြောင်း ယခုလို အတူသရုပ်ဆောင်တဲ့အခါ အတတ်နိုင်ဆုံး ညှိနှိုင်းပြီး သရုပ်ဆောင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ဧရာဝတီကို ပြောပြခဲ့ပါတယ်။
မြန်မာသရုပ်ဆောင်ဗေလုဝနဲ့ ထိုင်းမင်းသမီး တို့ပါဝင်သရုပ်ဆောင်ကြမယ့် “နာနာဘာဝ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးမှာဖြစ်ပြီး ဝတ္ထုကတော့ အကြည်တော်ရဲ့ ဝတ္ထုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးက ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက်လည်း ရိုက်ကူးတာဖြစ်ပြီး ရိုက်ကူးတဲ့ ကုမ္ပဏီကတော့ Myanmar Media 7 ကပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ဗေလုဝဟာ လတ်တလောမှာ သြစတြေးလျနိုင်ငံကိုလည်း စာပေဟောပြောပွဲအတွက် သွားရောက်ဖို့ရှိပြီး တလခန့် အချိန်ကြာမြင့်မှာဖြစ်ကာ ပြန်လာမှ ဒီ ဇာတ်ကားကို ရိုက်ကူးမှာဖြစ်တယ်လို့ သူက ပြောဆိုသွားပါတယ်။