တက်တူးအလန်းများထိုးထားပြီး ချိန်းကြိုးကြီးကြီးများကို ဝတ်ဆင်တတ်တဲ့ ဟာသသရုပ်ဆောင်လူရွှင်တော် ခင်လှိုင်ဟာ ရော့ခ်ဂီတကို နှစ်သက်သူတဦး ဖြစ်တယ်လို့ သိရပါတယ်။
ရော့ခ်ဂီတကို ငယ်ငယ်လေးကတည်းက နှစ်သက်ခဲ့တဲ့အတွက် သီချင်းဆိုဖြစ်ရင်လည်း ရော့ခ်သီချင်းများသာ သီဆိုလေ့ရှိတယ်လို့ သူကဆိုပါတယ်။
“ကျနော်သီချင်းဆိုရင်လည်း ကိုညီထွဋ္ဋ် သီချင်းတွေကို အရမ်းကြိုက်တယ်။ ကိုလေးဖြူကြိုက်တယ်။ Rock ဆိုတဲ့ အဆိုတော်မှန်သမျှ ကျနော် အကုန်ကြိုက်တယ်။ ယုတ်စွဆုံးပြောရရင် မိန်းကလေးအဆိုတော်ထဲမှာဆိုရင် မသျှီကို အရမ်းကြိုက်တယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒါ့အပြင် သရုပ်ဆောင်ခင်လှိုင်က စိတ်ထဲမှာ ပေါက်ကွဲချင်တဲ့အချိန်တိုင်း ရော့ခ်သီချင်းဖွင့်ပြီး နားထောင်ပေါက်ကွဲ လိုက်ရင် စိတ်ပေါ့သွားတယ်လို့လည်း ဆိုပါတယ်။
“ကျနော်တခုခု ပေါက်ကွဲလာရင် ကာရာအိုကေဆိုင်မှာ ရော့ခ်နှစ်ပုဒ်လောက်ဆိုလိုက်ပြီး ပေါက်ကွဲလိုက်တယ်။ အဲဒါဆိုရင် အသံလဲဝင်သွားပြီး နောက်ထပ်ဆိုဖို့လည်း အားမရှိတော့ဘူးလေ။ စိတ်ကို ထွက်ပေါက်ပေးတာပေါ့” လို့ ရှင်းပြပါတယ်။
သရုပ်ဆောင် ခင်လှိုင်က ဒီကနေ့ မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ့် ရော့ခ် ဂီတဖျော်ဖြေပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ရော့ခ် ပရိသတ်များနဲ့အတူ တသားထဲကျစေဖို့ ရော့ခ်ဆန်တဲ့ ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။