လူငယ်အဆိုတော်ဘန်နီဖြိုးက ချစ်သူရည်းစားမရှိတော့ဘဲ တယောက်ထဲဖြစ်သွားပြီလို့ သူ့ပရိသတ်ကို ဖွင့်ဟပြောဆို လိုက်ပါတယ်။
ယခင်က ဘန်နီဖြိုးရဲ့အချစ်ရေးနဲ့ပတ်သက်လို့ မိတ်ကပ်ပညာရှင်လည်းဖြစ် မော်ဒယ်လ်လဲဖြစ်ပြီး အလှကုန်ပစ္စည်း တွေလည်း ရောင်းချနေတဲ့ မော်ဒယ်လ်မလေးတဦးနဲ့ ချစ်ကြိုက်နေတယ်လို့ ပရိသတ်အများက သိထားကြပေမယ့် ဘန်နီဖြိုးက အခုချိန်မှာတော့ သူတယောက်ထဲဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။
လက်ရှိအချစ်ရေးခံစားချက်ကို မေးမြန်းတဲ့အခါ “လောလောဆယ်မှ တယောက်ထဲ မဟုတ်ပါဘူး။နောက်လဲ ကျနော်တယောက်ထဲပဲနေတော့မယ်လို့ စိတ်ကူးထားပါတယ်။ အခုချိန်မှာ အလုပ်လုပ်ဖို့ကပဲ ကျနော်အတွက် ပိုအရေးကြီးတယ်လို့ ထင်လို့ပါ” လို့ ဘန်နီဖြိုးက ဆိုပါတယ်။
ရည်းစားမရှိတော့လို့ အထီးကျန်မဖြစ်ဘဲ သူငယ်ချင်းများရှိနေတဲ့အတွက် အဆင်ပြေကြောင်းကိုလည်း သူကဆက် ပြောပါတယ်။
ဒါ့အပြင် အဆိုတော် ဘန်နီဖြိုးဟာ သိပ်မကြာသေးခင် ကာလလောက်က သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ အဆိုတော် မလေးတယောက်နဲ့လည်း သို့လော သို့လော နာမည်ထွက်ခဲ့ဖူးပါသေးတယ်။ သို့ပေမယ့် အဲ့ဒီအချိန်တွေတုန်းက ၎င်းအနေနဲ့ ဘာဖြေရှင်းချက်မှ မပေးခဲ့ပါဘူး။
“ကျနော်က အလှူခံတွေမှာ အလှူခံဖြတ်ပိုင်းရေးပေးတာတောင်မှ အပိုတွေလို့ထင်တဲ့ကောင်ဗျ။ ကျနော် ဘာမှမလုပ်ခဲ့ဘဲလုပ်ခဲ့တယ်လို့ အပြောခံနေရတာကိုလည်း အာရုံအနောက်ခံပြီး ဖြေရှင်းလေ့မရှိဘူးဗျ။ ကောလဟလပဲဖြစ်ဖြစ် တကယ်ပဲဖြစ်ဖြစ် ပြန်ပြီးတော့ ပြောလေ့မရှိပါဘူး။ ကျနော့်မှာ အလုပ်လုပ်တဲ့အချိန်က နေ့စဉ်နဲ့အမျှ နည်းနေတယ်လို့ ခံစားရတဲ့အတွက် အလုပ်ပဲလုပ်ဖြစ်နေတယ်”လို့ ဆိုပါတယ်။
အဆိုတော် ဘန်နီဖြိုး ပါဝင်သရုပ်ဆောင်ထားတဲ့ Charm ရုပ်သံဇာတ်လမ်းတွဲဟာ အောင်မြင်မှု ရခဲ့တဲ့အတွက် Charm2 ကို ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် ဘန်နီဖြိုးက တတိယ တကိုယ်တော် တေးစီးရီးကို မကြာခင်မှာထွက်ရှိနိုင်အောင်လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။