“အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့ မြန်မာ့ဆိုရိုးစကား အတိုင်း အသီးထဲမှာ စားလို့ အကောင်းဆုံးက သရက်သီးပါ။ သရက်သီးက စားတဲ့အခါ အနံ့ရော အရသာပါ ပြည့်စုံသလို အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အသီးပါ။
မြန်မာနိုင်ငံမှာ သရက်သီး အမျိုးအစား အများကြီးရှိပါတယ်။ စိုက်ပျိုးတဲ့ ဒေသ၊ သရက်သီး ထွက်ရှိရာ နယ်မြေနဲ့ သရက်သီးမျိုး၊ အရွယ်အစား အလုံး ပုံသဏ္ဍာန်ပေါ် မူတည်ပြီး အခေါ်အဝေါ် အမျိုးမျိုး ကွဲပြားပါတယ်။
မြန်မာတွေရဲ့ သရက်သီးက စားသုံးပုံကလည်း အမျိုးမျိုးရှိပါတယ်။ အသီးချည်းပဲ ဒီတိုင်းသက်သက် စားကြသလို သရက်သီးဖျော်ရည်၊ သရက်သီးဒိန်ချဉ်၊ သရက်သီးကိတ်၊ သရက်သီးယို၊ သရက်သီး ပူတင်း၊ သရက်သီးရေခဲမုန့် စသဖြင့် စားသုံးလေ့ ရှိကြပါတယ်။ သရက်သီးကို ထမင်း၊ ကောက်ညှင်း စတာတွေနဲ့လည်း တွဲဖက်လည်း စားလေ့ရှိပါတယ်။
သရက်သီးအစိမ်း ဆိုရင် ငပိရည်နဲ့ တို့စရာအဖြစ် စားသုံးသလို၊ အချဉ်ပေါင်း အဖြစ်လည်း ငရုပ်သီး၊ ငံပြာရည်တို့နဲ့ ချဉ်ချဉ်စပ်စပ် လုပ်စားလေ့ ရှိကြပါတယ်။ သရက်သီးအစိမ်းကိုမှ သရက်ချဉ်၊ သရက်ပြား၊ သရက်သီး ဆားရည်စိမ်၊ သရက်သီးသနပ် စသဖြင့် သရက်သီးကို အချဉ်တည်ပြီး အမျိုးမျိုး စားကြပါသေးတယ်။
သရက်သီး အမှည့်ဆိုရင်တော့ ဝါဝါ၀င်းဝင်းနဲ့ အဆင်းလှပြီး အနံ့ရော အရသာပါကောင်းမွန်တဲ့ “စိန်တလုံး” သရက်သီးက လူကြိုက်အများဆုံးပါပဲ။ စိန်တလုံး သရက်သီးက လူကြိုက်အများဆုံးနဲ့ ဈေးကွက်ထဲမှာဆိုရင်လည်း ရောင်းအားအကောင်းဆုံး၊ သရက်သီးထဲမှာ အလုံးအထည် အလှဆုံးပါ။
“စိန်တလုံး” သရက်သီးကို အများစု အရသာချိုမြိန်တာကြောင့် အချိုတည်းတဲ့ အစားအစာအဖြစ် စားသုံးလေ့ရှိကြပါတယ်။ စိန်တလုံးနဲ့အတူ အခြား လူသိများတဲ့ မြန်မာ့သရက်သီးတွေက “ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ မချစ်စု၊ ရင်ကွဲ၊ ရွှေကျည်တောင့်၊ ကြက်တူရွေး၊ သုံးထပ်၊ သုံးလုံးတတောင်၊ ရွှေဝါ၊ မြကျောက်” စတဲ့ သရက်သီးတွေပါ။ တခြားနာမည်ကြီး မျိုးကွဲ သရက်သီးတွေ များစွာရှိပါသေးတယ်။
မြန်မာ့သရက်သီးတွေထဲမှာ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ သရက်သီးက “စိန်တလုံး” သရက်သီးပါ။ စိန်တလုံးအပြင် “ပတ္တမြားငမောက်၊ ရွှေဟင်္သာ” စတဲ့ သရက်သီးတွေကိုလည်း နိုင်ငံတကာကို တင်ပို့ နေတယ်လို့ သိရပါတယ်။ မြန်မာ့ သရက်သီးတွေကို ပြည်တွင်းရော၊ ပြည်ပမှာပါ ထုတ်ပိုးမှု စနစ် ကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာ အခုဆို မြင်တွေ့နေရပါပြီ။
ပါကင်ဘူး ကောင်းကောင်းနဲ့ စနစ်တကျ စီစီရီရီ ထုတ်ပိုးထားတဲ့ သရက်သီးတွေကို စီးတီးမတ်လို နေရာမျိုးမှာ စမတ်ကျကျ ဝယ်ယူနိုင်သလို ရပ်ကွက်ထဲ၊ ဈေးထဲတွေမှာလည်း သရက်သီးအမျိုးမျိုးကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
သရက်သီးတွေရဲ့ ဈေးနှုန်းကတော့ တလုံးကို မြန်မာငွေ အနိမ့်ဆုံး နှစ်ရာ၊ သုံးရာကျပ်ကနေ ငါးရာ၊ တထောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ပါကင်ဘူးနဲ့ စီးတီးမတ်တွေမှာ ရောင်းချတဲ့ သရက်သီးတွေ ကတော့ ၁၀ လုံး၊ ၁၂ လုံးခန့် ပါဝင်တဲ့ သရက်သီးတဘူးကို ဈေးနှုန်း တသောင်းဝန်းကျင် ရှိပါတယ်။
အခုလို မိုးရာသီ၊ သရက်သီးပေါများချိန်မှာ ရာသီစာ သရက်သီး စားသုံးရန် မမေ့ဖို့ ပြောချင်ပါတယ်။ သရက်သီးဟာ အသားအရည် အလှအပအတွက် ကောင်းမွန်စေသလို ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အမှည့်လွန် သရက်သီး၊ ယင်နားထားတဲ့ သရက်သီးတွေ စားသုံးမိရင်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တာမို့ အထူးသတိပြု စားသုံးသင့်ပါတယ်။