Lifestyle

ကိုယ်ဝါသနာပါတာကို ရဲရဲဝံ့ဝံ့လုပ်ပါ

This article has been converted from Zawgyi One to Unicode

ဒီပညာကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ စပြီးလေ့လာဖြစ်တာပါ။ youtube နဲ့ instagram မှာ tutorial video တွေ ကြည့်ပြီးတော့ ပြင်ရင်းနဲ့ ပြင်တတ်သွားတာပါ။ အမြင်နဲ့ သင်ယူရတာဖြစ်တဲ့အတွက် လက်တွေ့နဲ့လည်း ကွာတယ်လေ။ ပြီးတော့ ကိုယ်ကလည်း မိတ်ကပ်ဆိုတာနဲ့ လုံးဝအစိမ်းသက်သက်၊ ဒီလောကထဲကို ခုမှ စဝင်တယ်ဆိုတော့ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။

ဆုယမင်းပြည်
ဓာတ်ပုံ – ဂျေပိုင် – ဧရာဝတီ

ခု လက်ရှိမှာတော့ ဒီပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းလုပ်သွားမှာပါ။ နောက်ပိုင်းကျရင်တော့ အလှမိတ်ကပ်နဲ့ တွဲပြီး လုပ်သွားဖို့လည်း စဉ်းစားထားပါတယ်။ ဒီလို မိတ်ကပ်မျိုးက ရုပ်ရှင်တွေထဲမှာပဲ အများဆုံး သုံးကြတာ လေ။ ရုပ်ရှင်ထဲမှာလည်း မပီပြင်ဘူး ဘာညာပေါ့ တစ်ချို့တွေက ပြောကြတယ်။ အဲ့ဒါကို ပီပီပြင်ပြင် လုပ်ပြချင် လို့ပါ။ နောက်တစ်ခုက မြန်မာနိုင်ငံမှာလည်း ဒီလိုမိတ်ကပ်ပြင်တာမျိုးက ရှိတော့ရှိတယ်၊ ရှားတယ်လေ။ ဒီလိုပြင်ပါတယ်ဆိုပြီးတော့ ထင်ထင်ရှားရှားပြနိုင်တဲ့သူ သိပ်မရှိဘူးလေ။

ဆုယမင်းပြည်
ဓာတ်ပုံ – ဂျေပိုင် – ဧရာဝတီ

မိဘတွေကတော့ သဘောမကျဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က မိန်းကလေးလည်း ဖြစ်တယ်။ နောက်ပြီး အလှမိတ်ကပ်လည်း မဟုတ်ဘူး။ ပြီးတော့ အနိဋ္ဌာရုံတွေ ပြင်ရတာဆိုတော့လေ။ သူတို့စိတ်ထဲမှာထင်တာက အပျော်သဘောပဲ လုပ်နေတယ်ထင်ထားတာ။ နောက်ပိုင်း ကိုယ်က အရမ်းစိတ်ဝင်စားမှန်းသိတော့ နည်းနည်း တော့ လက်ခံပေးလာပါပြီ။

မြန်မာနိုင်ငံမှာလည်း စိမ်းနေသေးတဲ့ ပညာရပ်လည်းဖြစ်တော့ ပတ်ဝန်းကျင်အနေနဲ့ ဝေဖန်တာတွေရှိပါတယ်။ နောက်ပြီး လူဆိုတာကလည်း ကောင်းတာထက် ဆိုးတာကို ပိုပြီးဝေဖန်တတ်ကြတာလေ။ ဒါပေမယ့် ကိုယ်က ကိုယ့်အနုပညာကို ပြချင်တယ်။ ကိုယ့်အရည်အချင်းကို ပြချင်တဲ့စိတ်နဲ့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်တမ်း ဖြစ်လာတဲ့အခါမှာတော့ ဝေဖန်သံတွေ လျော့လာပါပြီ။

ဆုယမင်းပြည်
ဓာတ်ပုံ – ဂျေပိုင် – ဧရာဝတီ

ခုလက်ရှိမှာတော့ Dimensions ဆိုတဲ့ အက်ရှင် ရုပ်ရှင်ကားကြီးမှာ ပြင်ပေးထားပါတယ်။ နောက်ပြီးတော့ MTV တွေ ပြင်ပေးတယ်။ ဦးကျော်သူရဲ့သရုပ်ပြပွဲတွေမှာလည်း ပြင်ပေးဖူးပါတယ်။ အနုပညာလောကမှာ ဈေးကွက် ရှာရတာတော့ နည်းနည်းခက်တယ်။ ခုနောက်ပိုင်းတော့ သရဲကားတွေလည်း ပိုပြီးပီပြင်လာအောင် လုပ်လာရပြီ ဆိုတော့ ကိုယ်ကောင်းရင်ကောင်းသလို သတ်မှတ်ထားတဲ့ တန်ဖိုးတော့ ရမှာပါ။

ထိုင်းဘက်မှာတော့ သင်တန်းတက်ဖြစ်ဖို့ အစီအစဉ်ရှိပါတယ်။ ပုံဆွဲရတာ ဝါသနာပါတယ်။ အရင်က ဖက်ရှင်ဒီဇိုင်နာ သင်တန်းတက်တယ်။ အခြေခံလောက်ပြီးတော့ ပုံဆွဲတဲ့ဘက်ကို ပြောင်းခါနီးဆဲဆဲမှာ ဒီမိတ်ကပ်ကို တွေ့တယ်ပေါ့နော်။ ရည်မှန်းချက်က ခုလက်ရှိမှာတော့ ထူးချွန်တဲ့ မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်ဖို့ပါ။ ပရဟိတက အရမ်းကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပေမယ့် ကြုံရင်ကြုံသလိုတော့ လုပ်ဖြစ်ပါတယ်။

ဆုယမင်းပြည်
ဓာတ်ပုံ – ဂျေပိုင် – ဧရာဝတီ

ဒီပညာကို အရမ်းဝါသနာပါတဲ့အတွက် အားလုံးနဲ့ အတိုက်အခံလုပ်ပြီး သင်ရတယ်။ ခု လက်ရှိမှာလည်း အရမ်းကြီး ကျော်ကြားတာမျိုးမဟုတ်ပေမယ့် နေရာလေးတစ်ခုတော့ ရလာပြီပေါ့နော်။ ကျန်တဲ့ လူငယ် တွေကိုလည်း ကိုယ်ဝါသနာပါတာကို ရဲရဲဝံ့ဝံ့ လုပ်ပါလို့။ အရမ်းတော်တာမျိုးမဟုတ်ရင်တောင် ငါ ဝါသနာ ပါတာကို ငါလုပ်ဖူးတယ်ဆိုတာမျိုးဖြစ်အောင်ပေါ့နော်၊ တစ်ခါလောက်တော့ လုပ်ကြည့်ပါလို့ ပြောချင်ပါတယ်။

Loading