ပျော်ရွင်စရာ မိသားစုဘဝလေးကနေ ပျော်ရွင်စရာမိသားစုကြီးအဖြစ်ပြောင်းလဲပြီး ကလေးနှစ်ယောက်တို့ရဲ့ မေမေ ဖြစ်လာတော့မယ့် အကယ်ဒမီဆုရှင် သရုပ်ဆောင် သက်မွန်မြင့်က ဒုတိယ ကလေးလေး အတွက် အတိုင်းမသိ ဝမ်းသာနေပါတယ်လို့ ဆိုပါတယ်။
“အစကတည်းက သက်မွန်က သားလေးကို တစ်ယောက်တည်းမဖြစ်စေချင်ဘူး။ သက်မွန် ကိုယ်တိုင်က တစ်ယောက်တည်း နေရတာများတော့ အထီးကျန်တယ်လို့ ခံစားရတယ်။ အဲ့လိုခံစားမှုမျိုးကိုမကြိုက်ဘူး။ အဲ့အတွက် ကိုယ့်ကလေးကိုလည်း အဲ့လိုမဖြစ်ချင်ဘူးပေါ့နော်။ ကိုယ်ကိုတိုင်ကလည်း လိုချင်ခဲ့တဲ့ အနေအထားမှာ အခုလို ရလာတော့ ဘုရားကပေးတဲ့ဆုလို့ပဲ သတ်မှတ်ပါတယ်၊ အတိုင်းမသိလဲ ဝမ်းသာ နေပါတယ်” လို့ သက်မွန်မြင့်က ဧရာဝတီကိုပြောပါတယ်။
ဒုတိယကလေးနဲ့ ၂ နှစ်ကျော်သာ ကွာမယ့် သက်မွန်ရဲ့သားလေး “အားချစ်” ကတော့ သူမအတွက် အရမ်းကံကောင်တဲ့သားလေးဖြစ်ပြီး ကလေးအတွက် စိတ်ပူနေရတာမျိုးမရှိပဲ သူမအတွက် အားအင်တွေပဲပေးပြီး စိတ်ချမ်းသာစေတဲ့ ကလေးတစ်ယောက်ပါလို့လည်း သူကဆိုပါတယ်။
“သားလေးက အခုဆို လမ်းကောင်းကောင်းလျှောက်နေပြီ။ ဟိုသွားဒီသွားနဲ့လည်း ကစားနေပြီ။ အရမ်းလည်း အစားကြီးတယ်။ သူကတော့ မွေးကတည်းက လူတွေအများကြီးရဲ့ ချစ်ခြင်းကို ခံရတယ်ဆိုတော့ မိခင်တစ်ယောက်အနေနဲ့တော့ အရမ်းဝမ်းသာပါတယ်” လို့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။
ဒုတိယကိုယ်ဝန်လွယ်ထားတဲ့ သရုပ်ဆောင် သက်မွန်မြင့်ဟာ လတ်တလောမှာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “လက်စားချေ နတ်သမီး” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို မျက်နှာသစ် မင်းသားသရုပ်ဆောင်တဦး ဖြစ်သူ သြဘာနဲ့ တွဲဖက်သရုပ်ဆောင် ရိုက်ကူးနေပြီး ဒီဇာတ်ကားပြီးလျှင် လက်ရှိအနုပညာလောကမှ ခေတ္တ အနားယူမယ်လို့လည်း သိရပါတယ်။
“သက်မွန်လည်း သိပ်နေမကောင်းဘူးဆိုတော့ ဒီကားလေးပြီးရင် နားလိုက်တော့မယ်။ သူများတွေကိုလည်း ကိုယ့်အတွက်ကြောင့်နဲ့ ဒုက္ခရောက်တာမျိုးလည်း မလိုချင်ဘူးလေ” လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုရိုက်ကူးမှုတွေ ခေတ္တနားမယ်လို့ဆိုပေမယ့်လည်း သူ့ရဲ့ ပရိသတ်တွေကတော့ သူဖြစ်တည်နေတဲ့ အခြေအနေပေါ်ကို လက်ခံအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်လူရွယ်တို့ရဲ့ လတ်တလောအိမ်ထောင်ရေးတွေဟာ ပြင်ပလောကမှာရော အနုပညာလောကမှာပါ ကြည့်မယ်ဆိုရင် ကြာရှည် တည်မြဲလက်တွဲသွားကြတယ်ဆိုတာထက် ကွဲကြပြဲကြနဲ့ အိမ်ထောင်ရေး ပြဿနာတော်တော်များများကို တွေ့နေရတာပါ။
ဒီလို အိမ်ထောင်ရေးအကွဲအပြဲကိစ္စတွေဟာ ထမင်းစားရေသောက်လို လွယ်ကူနေတဲ့ ဒီဘက်ခေတ်ကြီး အပေါ် သက်မွန်မြင့်က “တစ်ယောက်နဲ့တစ်ယောက်ကတော့ သွေးရင်သားရင်တွေ မဟုတ်တဲ့အတွက် ထပ်တူကျနိုင်မှာတော့ မဟုတ်ပါဘူး။ အဓိကကတော့ နားလည်မှု၊ ချစ်ခြင်းမေတ္တာ အပြည့်ရှိဖို့တော့ လိုအပ်တာပေါ့။ အဓိကကတော့ ကိုယ့်ကလေးတွေ ဖအေတကွဲ၊ မအေတကွဲနဲ့ ဆိုရင် သူတို့ဘယ်လောက် ခံစားရမလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ကိုယ့်အတွက်နဲ့ ကိုယ့်သားသမီးတွေ နာကျင်မှု ဖြစ်မှာမျိုးကို စဉ်းစားသင့်တယ်” လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။