တကိုယ်တော်ဖျော်ဖြေပွဲများကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော် တင်ဇာမော်ဟာ တတိယမြောက်တကိုယ်တော်ဖျော်ဖြေပွဲကို တောင်ကြီးမြို့မှာ ကျင်းပပြုလုပ်ဦးမှာပါ။
တောင်ကြီးမှာ ပြုလုပ်မယ့်တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သတ်လို့ တင်ဇာမော်က “ကျမရဲ့တကိုယ်တော်ဖျော်ဖြေပွဲတွေ တပွဲပြီးတပွဲလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ပထမဆုံးဖျော်ဖြေခဲ့တဲ့ ရန်ကုန်ပွဲပြီးတဲ့နောက်မှာမှ တပွဲပြီးတပွဲ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။ အခုတောင်ကြီးပွဲကလည်း ကမ်းလှမ်းလာတာကြာပေမယ့် ဆိုသင့် မဆိုသင့်၊ ဆိုမယ် မဆိုဘူး ဆိုတာနဲ့ ဖြစ်နေတုန်း နောက်ဆုံးဆိုမယ်လို့ ဆုံးဖြတ်လိုက်တာကတော့ လွန်ခဲ့တဲ့ တလခွဲလောက်ကပါ။ တောင်ကြီးပွဲကို ကျမတို့ စီစဉ်တဲ့အခါ အဓိက စီးပွားရေးဘက်ကို ဦးတည်မထားပါဘူး။ တောင်ကြီးမြို့နဲ့ အနီးတဝှိုက်မှာ ကျမ ပရိသတ်ဘယ်လောက်ရှိမယ်ဆိုတာ ကျမ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ လက်တဆုပ်စာလည်းဖြစ်ချင်ဖြစ်မယ်။ အများကြီးလည်း ဖြစ်ချင်ဖြစ်မယ်” လို့ ဆိုပါတယ်။
တင်ဇာမော်က ပွဲမှာ ဖန်တီးမယ့် အနုပညာများကို အဓိက လာအားပေမယ့် ပရိသတ်များအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဆက်ပြီးပြောပါတယ်။
တင်ဇာမော်ရဲ့ ဖျော်ဖြေပွဲတွင် စည်သူလွင်၊ ဟန်ထွန်းနဲ့ ချောစုခင် တို့လည်း ပါဝင်ဖျော်ဖြေပေးကြမှာပါ။
ဒီဖျော်ဖြေပွဲကို တောင်ကြီးမြို့ အဝေရာကွင်း(မီးပုံပျံကွင်း)မှာ လာမယ့် ဇွန်လ ၁၈ ရက်နေ့ ညနေ ၆နာရီအချိန်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများကိုတော့ ၁၀၀၀၀၊ ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။