Rangoon Tea House မြန်မာဟင်းလျာသစ် ၅ မျိုးမိတ်ဆက်
This article has been converted from Zawgyi One to Unicode
ပြည်တွင်းဖြစ် ထုတ်ကုန်များနဲ့ မြန်မာ့ရိုးရာ အစားအသောက်များကို ထူးထူးခြားခြား ပြင်ဆင် ချက်ပြုတ်လေ့ရှိတဲ့ Rangoon Tea House မှ အိမ်နီးချင်းနိုင်ငံများရဲ့ အစားအသောက် ထူးခြားချက်များအပေါ် မူတည်ပြီး ပြည်တွင်းရှိ ဒေသအသီးသီးမှ ထုတ်ကုန်၊ အသားငါးများကို ပေါင်းစပ်ဖန်တီး ချက်ပြုတ်ထားသော ဟင်းလျာ ၅ မျိုးကို မီးနူး(Menu) အသစ်နဲ့ တကွ မိတ်ဆက်လိုက်ပါတယ်။

ဟင်းလျာတွေမှာ အသုံးပြုတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကလည်း ပြည်တွင်းက ထွက်ရှိတဲ့ နေရာဒေသ အသီးသီးက ဟင်းခတ် အမွှေးအကြိုင်များကို အသုံးပြုပြီး ချက်ပြုတ်ထားတယ်လို့ သိရပါတယ်။
အသစ်မိတ်ဆက်လိုက်တဲ့ ဟင်းလျာတွေကတော့ ပင်လယ်စာ ရခိုင်ထမင်းကြော်၊ အာလူး ငါးဥ ကတ်သလိပ်၊ ညောင်ရမ်း အစပ် ကြက်သားကင်၊ ဂဏန်းပျော့ အကြွပ်ကြော်နဲ့ ပုဇွန်ဖက်ထုတ် တို့ပဲ ဖြစ်ပါတယ်။

ပင်လယ်စာ ရခိုင်စာထမင်းကြော်က လတ်ဆတ်တဲ့ ပုစွန်အကင်၊ ရေဘဝဲတို့နဲ့ ပြင်ဆင်ထားပြီး ရခိုင်ပြည်နယ်ရဲ့ နာမည်ကျော် ရခိုင်ထမင်းကြော်ကို လက်ရာ ဆန်းသစ်ထားတာပါ။ အာလူး ငါးဥ ကတ်သလိတ်ကြော်ကတော့ အပြင်က ကြွပ်ရွပြီး အတွင်းမှာ အာလူးနဲ့ ငါးမြင်းဥတို့နဲ့ ရောစပ်ပြီး နူးညံ့အရသာရှိအောင် ကြော်ထားပါတယ်။

ညောင်ရမ်းအစပ် ကြက်သားကတော့ မြန်မာကြက်ကို ညောင်ရမ်းဒေသမှ ထွက်ရှိတဲ့ ငရုတ်သီး အနှစ်များနဲ့ ပြင်ဆင်ထားတဲ့ ကြက်သားကင်ပုံစံ ဖြစ်ပါတယ်။ ဂဏန်းပျော့ကြော်ကတော့ ရှမ်းပြည်မှ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပုရာသီးတို့နဲ့ မွမ်းမံထားပြီး ကြွပ်ရွနေအောင် ကြော်ထားတာကို အရသာ ခံစားမိပါတယ်။
ပုဇွန်ဖက်ထုပ်ကတော့ အိမ်ချက်အရသာ အတိုင်း အရသာကောင်းမွန်အောင် ဝက်သားဆင်းကော၊ ငါးဖယ်နဲ့ ပုဇွန်တို့ကို ရောပြီး ဖက်ထုပ်ကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောနယ် ပြုလုပ် ထားပါတယ်။
“ကျနော်တို့က အဓိက နိုင်ငံခြားသား ဧည့်သည်တွေ မြန်မာနိုင်ငံကို အလည်လာပြီး ပြန်သွားတဲ့အခါ မြန်မာအစားအစာက သူတို့စားဖူးသမျှ အာရှအစားအစာတွေထဲမှာ အကောင်းဆုံးဆိုတဲ့ စိတ်မျိုး ဖြစ်စေချင်တယ်။ ဒါကြောင့် ကျနော်တို့က ပြည်တွင်းက အကောင်းဆုံးဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးပြုပြီး မူလပထမ ဓလေ့ရိုးရာနဲ့ အရသာဆီကနေ အရမ်းခွဲထွက်သွားတာမျိုး မဟုတ်ဘဲ ထူးခြားတဲ့ ဟင်းချက်အရသာပုံစံ ပြင်ဆင်ချက်ပြုတ်ထားပါတယ်” လို့ Rangoon Tea House ရဲ့ ပူးတွဲ တည်ထောင်သူ ကိုထက်မြတ်ဦးက ပြောပါတယ်။
Rangoon Tea House ဟာ အမှတ် ၇၇-၇၉ ၊ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းမှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိပါ။
မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို အခြေခံထားတဲ့ Rangoon Tea House မှာ ဈေးနှုန်းတွေအနေနဲ့ လက်ဖက်ရည် တခွက်ကို ၁၅၀၀ ကျပ်၊ အဆာပြေမုန့်တပွဲ ၂၅၀၀ ကျပ်နဲ့ အဓိကဟင်းလျာတခုကို ၃၀၀၀ ကျပ် စသဖြင့် အသီးသီးရှိပါတယ်။