သီချင်းတွေကို ကိုယ်တိုင်ဆို ကိုယ်တိုင်ရေးပြီး ပရိသတ်ကြားအောင်မြင်မှုရနေခဲ့တဲ့ အဆိုတော်ပိုပိုတယောက် လတ်တလောမှာ သွယ်လျတဲ့ခန္ဓာကိုယ်နဲ့လှပနေတာကို ပရိသတ်တွေ သတိထားမိလာကြပါတယ်။
အရင်က ၀၀ ပြည့်ပြည့် ခန္ဓာကိုယ်ပိုင်ရှင်ကနေ ဘယ်လိုကြောင့် သွယ်လျလှပလာတာလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဒါကြောင့် အရင်ကထက်ပိုပြီး လှပသွယ်လျလာတဲ့ ပိုပိုကို ဘယ်လိုဝိတ်ချဖြစ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တော့ ..
“ပိုပိုက မနက်ဆိုရင် ကွေကာအုပ်သောက်တယ်။ နေ့ခင်းပိုင်းဆိုရင် ရေနွေးသောက်တယ်။ ရေလည်းများများ သောက်တယ်။ ထမင်းမစားခင်မှာလည်း ရေတွေသောက်တယ်၊ ညပိုင်းဆိုရင် လုံးဝအစားမစားတာမျိုးရှိတယ်။ နေ့ခင်း ထမင်းကိုလည်း (၇)လုတ် ၊ (၈)လုတ်လောက်ပဲစားတယ်။ အသီးအရွက်တွေများများစားတယ်။ တကယ်လို့ ညပိုင်း အရမ်းဗိုက်ဆာရင် အသီးအရွက်တွေ သုပ် စားတယ်။ နောက်ပြီး ရေနွေးပူပူထဲမှာ သံပရာသီးကို အခွံ့လိုက်ပါ စိမ်ပြီး ဂျင်းပါထည့်သောက်တယ်။ အဲဒါက နေ့တိုင်းသောက်ဖြစ်တယ်။ အဓိကညပိုင်းတွေ မစားဖြစ်တာပါ”လို့ ဧရာဝတီကို ပြောပြပါတယ်။
အရင်က ကိုယ်အလေးချိန် ပေါင် ၁၅၀ အထိ တက်ခဲ့ပေမယ့် အခုချိန်မှာ ၁၁၆၊ ၁၁၇ ပေါင် နီးပါးအထိလျော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ဒီလို ကိုယ်အလေးချိန်ချဖို့အတွက်က အချိန်ခဏလေးနဲ့ မရပါဘူး၊ ပိုပိုကို ပရိသတ်က ဝတာကနေ အခုလိုပိန်တာပဲ မြင်လိုက်ရလို့ပါ။ ကြားထဲမှာ တဆင့်ပြီးတဆင့် ပိန်သွားတာပါ၊ ပိုပို ပိန်ဆေး လုံးဝမသောက်ပါဘူး။ နောက်ပြီး အားကစားလုပ်တယ်။ အဲဒါက တလကို ဆယ်ပေါင်လောက်ကျသွားပါတယ် ၊ အားဆေးတော့ သောက်ဖြစ်တယ်လို့” သူကဆက်ပြောပါတယ်။
ဝိတ်ချချင်တဲ့ ပျိုမေတွေအနေနဲ့ အဓိက အိပ်ရေး၀၀ အိပ်သင့်ကြောင်း ဝိတ်ချတော့မယ်ဆိုရင် ည ၁၀ နာရီ ဆိုတာနဲ့ အိပ်သင့်ကြောင်း ညနေ ခြောက်နာရီကျော်လျှင် အစားမစားသင့်တောဘဲ ဝိတ်ကျကိုကျရမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်မျိုးလည်း ထားသင့်ကြောင်းဆိုပါတယ်။ ဒါ့အပြင် ပေါင်လည်း နေ့တိုင်းချိန်သင့်ပြီး နည်းနည်းဝိတ်တက်လာတာနဲ့ အစားမစားတော့ဘူးဆိုတဲ့ စိတ်မျိုးလည်း ထားသင့်ကြောင်း ပိုပိုက အကြံပြုပြောဆိုပါတယ်။
ဒါ့အပြင် ပိုပိုက အစားအသောက်နဲ့ပတ်သက်ရင် ဝက်သား၊အမဲသား မစားဘဲ ဆီဆိုရင်လည်း သံလွင်ဆီ၊ နှမ်းဆီ ကိုသာ စားသုံးတယ်လို့ သိရပါတယ်။ အဓိက ခရမ်းချဉ်သီး၊ ရုံးပတီသီး ၊ သခွားသီး၊ ပူစီနံ နဲ့ငရုတ်သီးတို့ကို စားသုံးဖြစ်ပြီး အချိုမစားဘဲ ရှောင်ဖြစ်တယ်လို့လည်းဆိုပါတယ်။ Gas ပါတဲ့ အချိုရည်များကို လုံးဝမသောက်သုံးဘဲ ကော်ဖီလည်းရှောင်တယ်လို့ သိရပါတယ်။
အခုလို ပိန်သွားတဲ့အတွက် ကိုယ့်ကိုကိုယ်လှလာတယ်လို့ခံစားမိပြီး အရင်ကထက် ယုံကြည်မှုပိုရှိလာတယ်လို့လည်း ပိုပိုက ပြောပြခဲ့ပါတယ်။ အခုလက်ရှိ ခန္ဓာကိုယ်ကိုပဲ ဝမလာအောင်ထိန်းသိမ်းသွားမှာဖြစ်ပြီး ရှေ့ဆက် ဝိတ်ချဖို့တော့ မရှိတော့ကြောင်းလည်း ဆိုပါတယ်။
အဆိုတော် ပိုပိုရဲ့ ဂီတနဲ့ပတ်သက်လို့ တတိယတကိုယ်တော်တေးစီးရီးထွက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။