ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ ပန်းချီဆရာကြီး တဦးနဲ့ သူ့ရဲ့ပန်းချီကားတွေကို နောက်ကွယ်က ရေးဆွဲပေးနေတဲ့ ပန်းချီဆရာလေးတို့ အကြား ဖြစ်ပွားခဲ့တဲ့ ငွေကြေးအရှုပ်အရှင်း ပြဿနာ တခုကနေ အနုပညာ ဖန်တီးသူများနဲ့ အနုပညာလက်ရာ ဝယ်ယူစုဆောင်းသူ (Collector) တွေကြား အနုပညာ စစ်ခြင်း၊ မစစ်ခြင်း ဆိုတဲ့ မေးခွန်းတခုက ကျယ်ပြန့်စွာ အငြင်းပွား ပေါက်နေပါတယ်။
ထင်ရှားတဲ့ ပန်းချီဆရာကြီးရဲ့ အမည်က ဂျိုယန်နမ် (Jo Young Nam) ဖြစ်ပြီး နောက်ကွယ်က ပန်းချီကားတွေ ဖန်တီးရေးဆွဲ ပေးနေသူကတော့ ဆောင်ဂီချန်း (Song Gi Chang) လို့ သိရပါတယ်။ သူက နာမည်ကြီး အဆိုတော် နဲ့ ပန်းချီဆရာတဦးပါ။ နောက်ကွယ်က ကူညီရေးဆွဲပေးနေတဲ့ ပန်းချီဆရာနဲ့ အမေရိကန်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ကိုရီးယားကို ပြန်ရောက်ပြီး အခုလို နောက်ကွယ်ကနေ ရေးဆွဲပေးနေခဲ့တာ ၈ နှစ်ကျော် ကြာခဲ့ပြီလို့ ဆိုပါတယ်။ သူတို့ နှစ်ယောက် အငြင်းပွား စကားများနေတာကို သတင်းသမားတဦးက ကြားပြီး အဲဒီအကြောင်း သတင်းတွေ ရေးသားတာကြောင့် ပေါက်ကြားတာဖြစ်ပြီး သတင်းဌာနများစွာကလည်း အကျယ်တဝင့် ဖော်ပြတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဖြစ်မျိုး မြန်မာနိုင်ငံမှာလည်း နောက်ကွယ်က ပန်းချီရေးဆွဲပေးနေပြီး ပန်းချီဆရာ အမည်ခံနေတာတွေ ရှိနေနိုင်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ကိုရီးယားနိုင်ငံကနေ ပန်းချီပညာ ဒေါက်တာဘွဲ့ ရရှိခဲ့တဲ့ ပန်းချီဆရာမ ဒေါက်တာ ရွှေစင်အေးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

“ဒီကိစ္စ ဒီအကြောင်းအရာက ကိုရီးယားမှာ ဖြစ်ပျက်တာ ဆိုပေမယ့် ကျမတို့ မြန်မာနိုင်ငံမှာလည်း ဖြစ်နိုင်တာကြောင့် သေချာ အဖြေရှာ သုံးသပ်ပြီး စစ်မှန်တဲ့ အနုပညာ မပျောက်ကွယ်ဖို့ ကြိုးစားရမှာလို့ ကျမ ယုံကြည်ပါတယ်။ နှစ်ပေါင်း များစွာ ပန်းချီကားပေါင်း များစွာကို ရောင်းချပြီး ငွေကြေးများစွာ ရရှိပြည့်စုံနေပေမယ့် နောက်ကွယ်က ပန်းချီကားတွေ ကူညီရေးဆွဲပေးနေရတဲ့ ပန်းချီဆရာကို ပေးတဲ့ ငွေကြေးက အလွန်နည်းပါးနေတာကြောင့် နေထိုင်ရပ်တည်မှု အခက်အခဲကြောင့် အနည်းငယ်တိုးပေးဖို့ တောင်းဆိုရာက သူတို့ အနီးမှာရှိနေတဲ့ သတင်းသမားက သတင်းရေးသား တင်ပြလိုက်တော့ ပြဿနာက ပိုကြီးသွားပြီး နာမည်ကြီး ပန်းချီဆရာရဲ့ ပြပွဲလည်း ပိတ်ပစ်လိုက်ရတဲ့အပြင် ရဲစခန်းက ခေါ်ယူစစ်ဆေးတာလည်း ခံရတဲ့အထိ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
ကိုရီးယားမှာ အဆိုပါ ပန်းချီဆရာကြီးရဲ့ ပန်းချီကားတွေကို တန်ဖိုးကြီးစွာ ဝယ်ယူ စုဆောင်းထားကြသူများကလည်း ပန်းချီကား တကားလုံးမှာ ပန်းချီဆရာရဲ့ လက်ရာ ဘယ်အတိုင်းအတာအထိ အစစ်အမှန် ပါဝင်မလဲ ဆိုတဲ့ အနုပညာ စစ်ခြင်း၊ မစစ်ခြင်း အပေါ် အငြင်းပွားနေကြပါတယ်။ တဖန် ပန်းချီဆရာကြီးကို ရေးဆွဲပေးတဲ့ ပန်းချီဆရာဟာလည်း ငွေကြေး အခက်အခဲကြောင့် အနုပညာ တန်ဖိုးကို လျစ်လျူရှု လုပ်ဆောင်ပေးတာကြောင့် လူအများရဲ့ ကဲရဲ့ရှုတ်ချမှု အောက်မှာ ပင်ပန်းကြီးစွာ ခံစားနေရပါတယ်။
ယင်း အနုပညာ စဉ်းလဲမှုရဲ့ နောက်ကွယ်မှာ ပန်းချီဆရာများ သာမက ပန်းချီကား ချစ်မြတ်နိုးသူများ အတွင်းထိ ပိုပြီး နက်ရှိုင်းစွာ သက်ဆိုင်လာတဲ့ ပြဿနာ ဖြစ်လာနေပါပြီ။ ပန်းချီဆရာရဲ့ အနုပညာအပေါ် ခံယူချက်က ဘာလဲ၊ နောက်ကွယ်က ရေးဆွဲပေးတဲ့ ပန်းချီဆရာရဲ့ အနုပညာ အပေါ် ခံယူချက်က ဘာလဲ၊ နာမည်ကြီး ကျော်ကြားတဲ့ ပန်းချီဆရာတို့ရဲ့ လက်ရာကိုမှ ဝယ်ယူစုဆောင်းလိုတဲ့ လူတွေရဲ့ အနုပညာအပေါ် ခံယူချက်က ဘာလဲ စတဲ့ မေးခွန်းတွေ ဖြစ်လာနေပါပြီ။ အထူးသဖြင့် အနုပညာထက် စီးပွားရေးဆန်လာတဲ့ အတွေးအခေါ် အယူအဆတွေ ကြောင့် ဝမ်းနည်း ရှက်ရွံ့ဖွယ် သိမ်ငယ်စရာ အဖြစ်တွေ ဖြစ်ပေါ်လာတာလို့ သုံးသပ်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး နိုင်ငံတိုင်းမှာလည်း အတွင်းကြိတ်ရော၊ အများသိရော ရှိနေနိုင်ပါတယ်။
“ကျမစဉ်းစားမိတာက အနုပညာရှင်ဆိုတာ ကိုယ် စိတ်နှစ်ပါးလုံး အနုပညာရပ်အပေါ်မှာ စိတ်အားထက်သန်မှု ပြင်းထန်ပြီး ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ မိမိကိုယ်ကို လေးစားမှု အပြည့်အဝရှိသောသူ၊ ပန်းချီကားတချပ် ဖန်တီးရာမှာ ထိုပန်းချီကား တချပ်လုံးမှာ ရှိတဲ့ ရွေးချယ်မှု တွေးခေါ်ဖန်တီးမှုနဲ့ စုတ်ချက်တိုင်း စုတ်ချက်တိုင်းဟာ အစမှ အဆုံးအထိ ထိုသူရဲ့ ကိုယ်စိတ်နှလုံးမှ အမှန်စစ်စစ် ထွက်ပေါ်လာတဲ့ ပန်းချီကားတချပ်ကို ဖန်တီးနိုင်သူသာ ပန်းချီအနုပညာရှင် လို့ ခံယူထားပါတယ်” လို့ ဒေါက်တာ ရွှေစင်အေးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ယနေ့ခေတ် ကမ္ဘာ့ပန်းချီလောကရော မြန်မာ့ပန်းချီလောကမှာပါ နာမည်မကြီးသော်လည်း မိမိပန်းချီကားကို မိမိကိုယ်တိုင်သာ ပန်းချီရေးဆွဲမှု အစက အဆုံး တာဝန်ယူရေးဆွဲတဲ့ လေးစား တန်ဖိုးထား အတုယူစရာ ပန်းချီဆရာ များစွာ ရှိပါတယ်။ သူတို့ရဲ့ အနုပညာ လမ်းကြောင်းဟာ ခက်ခဲကြမ်းတမ်းလွန်းပေမယ့် သူတို့ယုံကြည်ရာကို ဖက်တွယ် ကိုင်စွဲထားကြပါတယ်။
စီးပွားရေးဆန်ခြင်းနဲ့ အနုပညာ စစ်မှန်မှုကြားမှာ မေးခွန်းထုတ်စရာတွေလည်း များလာပါတယ်။
ပန်းချီဆရာမ ဒေါက်တာ ရွှေစင်အေးကတော့ “ကိုယ်ခံယူထားသော ပန်းချီအနုပညာဟာ စစ်မှန်ပါရဲ့လား ဆိုတဲ့ အမေးကို လိပ်ပြာလုံလုံနဲ့ဖြေဆိုနိုင်ကြပါစေ။ စစ်မှန်သောအဖြေကို ရှာတွေ့နိုင်တဲ့ တနေ့ အနုပညာစစ်စစ်တွေ တန်ဖိုးထားမှုတွေ နဲ့ လောကကြီးကို အလှဆင်နိုင်ကြပါစေ လို့ ဆုတောင်းကြောင်း” သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
ကိုးကား – m.yna.co.kr, kncolorado.com