စတုတ္ထအကြိမ်မြောက် ကျင်းပမယ့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ လူငယ် ဒါရိုက်တာ ဝေယံ ရိုက်ကူးထားတဲ့ ထားဝယ်မြို့မှ ခဲစက်ရုံများအကြောင်း “Crossfire” အမည်ရှိ Documentary ဇာတ်ကားကို ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
အဆိုပါ ဇာတ်ကားက တနသာၤရီတိုင်း၊ ထားဝယ်ဒေသမှာရှိတဲ့ ခဲစက်ရုံများကြောင့် သဘာ၀ ပတ်ဝန်းကျင်များ ပျက်စီးပြီး၊ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများကို ရိုက်ပြထားတာလို့ ဒါရိုက်တာ ဝေယံက ဆိုပါတယ်။
စတုတ္ထအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လ့ူဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံနဲ့ Junction Square နဲ့ Junction မော်တင် ရုပ်ရုင်ရုံတွေမှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“ဒီကားလေးက ကျနော်တို့ တနင်္သာရီတိုင်း၊ ထားဝယ် အနီးတဝိုက်က ခဲစက်ရုံ ပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားပျက်နေတဲ့အပေါ်၊ သူတို့ရွာတွေမှာ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးပြီးတော့ စီးပွားရေး အလုပ်လုပ်ဖို့ အဆင်မပြေတာ၊ သူတို့ရဲ့ လူ့အခွင့်အရေး ဘယ်လို ချိုးဖောက်ခံနေရလဲဆိုတဲ့ အကြောင်းအရာတွေကို ရိုက်ပြထားတဲ့ ကားလေးဖြစ်ပါတယ်” လို့ ဒါရိုက်တာ ဝေယံက ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ဒီကားကို ရိုက်ဖို့ အိုင်ဒီယာရခဲ့တာက ဒီနှစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနေတဲ့ဟာကို အဓိကထားပြီး ရိုက်ပြချင်တဲ့ဟာ ဖြစ်တဲ့ အတွက်၊ ကျနော်ကလည်း ထားဝယ်လူမျိုး တယောက် ဖြစ်တဲ့အတွက် ကျနော်တို့ ထားဝယ်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ အကြောင်းအရာတွေ ရှာတယ်။ အဲဒီထဲကမှ ကျောက်မီးသွေးနဲ့ ခဲကို နှစ်ခုကို တွေ့ခဲ့ပြီး ခဲစက်ရုံနဲ့ ပတ်သက်ပြီး ရိုက်ပြခဲ့တာပါ။ ခဲစက်ရုံနားသွားပြီး အဲဒီအကြောင်း လေ့လာ တယ်၊ Research လုပ်တယ်။ အဲဒီက ဇာတ်ကောင်တွေနဲ့ပဲ ကျနော် ဖန်တီးပြီး ရိုက်ကူးထားတာပါ” လို့ ဆိုပါတယ်။
ဇာတ်ကားရိုက်ဖို့ ပြင်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီး ဇာတ်လမ်း အကြောင်းအရာက အစိမ်းသက်သက် ဖြစ်နေတဲ့ အတွက် အဲဒါနဲ့ပတ်သက်ပြီး “ကျနော် စာတွေပြန်ဖတ်ရတယ်။ ပြီးတော့ ခဲသတ္တုတွင်းနဲ့ ပတ်သက်ပြီး သူတို့ဆီကပဲ ကျနော် ပြန်လေ့လာရတယ်။ ကျနော့် ဇာတ်ကောင်တွေဆီကပဲ ကျနော် ပြန်လေ့လာခဲ့ပြီး ရိုက်ဖို့ ပြင်ဆင်ခဲ့တာပါ” လို့ ဒါရိုက်တာ ဝေယံက ပြောပါတယ်။
ဇာတ်ကားရိုက်ဖို့ အချိန်ကတော့ ရှုတင်ကာလကတော့ တလခွဲကျော်ကျော် ယူခဲ့ပြီး Editing ပိုင်းကို နှစ်လလောက် အချိန်ယူခဲ့တယ်လို့ သိရပါတယ်။
“ဒီကားထဲမှာ အခက်အခဲဆိုတာထက် စိန်ခေါ်မှု အနေနဲ့ ကားထဲမှာပါတဲ့ ငါးဖမ်းထွက်တဲ့ အခန်းမှာ ဆိုရင် ကျနော်ရယ်၊ အသံဖမ်းတဲ့သူနဲ့ မွေးရာပါ မသန်စွမ်းတဲ့သူရဲ့ လှေသေးသေးလေးပေါ်မှာ ညဘက် ၁၀ နာရီလောက် ပင်လယ်ဝထိ သွားပြီး ရိုက်ခဲ့ရတဲ့ အခန်းတွေ၊ မနက် အစောကြီးထပြီး ငါးဖမ်း ထွက်ရတဲ့ အခန်းတွေ၊ အဲဒီအချိန်ကလည်း အအေးလှိုင်း ဖြတ်တဲ့အချိန် ဖြစ်နေတယ်။ အရမ်းချမ်းတဲ့ နေရာမှာ အရမ်းချမ်းတဲ့အချိန် ထွက်ရိုက်ခဲ့ရတာ အမှတ်တရပါပဲ” လို့ ကိုဝေယံက သူကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ပြန်လည် ပြောပြပါတယ်။
ဒီကားရဲ့ ပေးချင်တဲ့ Message ကကော ဘယ်အရာဖြစ်မလဲဆိုတော့ “ဒီကား အတွက် Message ဆိုတာထက်စာရင် ဒီကားကို ကြည့်ပြီး ပရိသတ် ဆုံးဖြတ်သွားမှာပါ။ ကျနော်က ပြောတာထက်စာရင် သူ့ဟာသူ လာကြည့်ပြီး သူတို့ရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေ ပြောင်းလဲသွားမယ် ထင်တယ်။ ဒီကားကိုကြည့်ပြီး ဒီလို အကြောင်းအရာတွေ လုပ်နေတယ်ဆိုတာ သိပြီး သူတို့အတွက် ကောင်းမွန်တဲ့ နေရာတနေရာ ပြန်ရောက် သွားမယ် လို့ ကျနော် မျှော်မှန်းထားပါတယ်” လို့ ကိုဝေယံက ပြောပါတယ်။
ဒါရိုက်တာ ဝေယံက မနှစ်က ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ “She is a Male” လို့ အမည်ရတဲ့ Transgender (မိန်းမလျာ) တယောက်ရဲ့ ဘဝဖြတ်သန်းပုံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရပုံများကို ရိုက်ကူးပြတဲ့ LGBT Documentary ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ နောက်ပိုင်း ရိုက်ကူးသွားမယ့် ဇာတ်ကားတွေက Disable နဲ့ ပတ်သက်ပြီး ရိုက်ကူး သွားဖို့ ရှိသလို HIV Positive ဖြစ်နေတဲ့ ရောဂါသည်တွေ အကြောင်း ရိုက်ကူးသွားချင်တယ်လို့ ဆိုပါတယ်။