အနုပညာလောက က နာမကျန်းသူများကို ထောက်ပံ့ရေး ရန်ပုံငွေပဒေသာကို မကြာမီစိုက်ထူတော့မှာ ဖြစ်ပါတယ်။ ဒီရန်ပုံငွေအဖွဲ့မှာ ပြေတီဦး ပညာရေးဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းတို့က ပူးပေါင်းပြီး စိုက်ထူမှာ ဖြစ်ကြောင်း သိရပါတယ်။
အနုပညာရှင်များရဲ့ ဖောင်ဒေးရှင်းသုံးခု ပေါင်းစပ်ပြီး အခုလို ကူညီမယ့် ရန်ပုံငွေပဒသာအဖွဲ့ကို စိုက်ထူဖြစ်တာနဲ့ ပတ်သတ်ပြီး ပြေတီဦး ဖောင်ဒေးရှင်း တည်ထောင်တဲ့ သရုပ်ဆောင် ပြေတီဦးက “အဓိက ကျနော်တို့ အနုပညာရှင် ညီအစ်ကိုတွေ၊ ပရဟိတလုပ်တဲ့ ညီအစ်ကိုတွေ လုပ်ချင်တဲ့ဆန္ဒတခု ဖြစ်တာကြောင့်ပါ။ ကျနော်ကလည်း ပူးပေါင်း ပါဝင်ချင်တဲ့ ဆန္ဒကြောင့် ပါဖြစ်တာပါ၊ နောက်ပြီး သူတို့လုပ်တဲ့ ရည်ရွယ်ချက်လေးလည်း ကောင်းတယ်၊ ကျနော်တို့ အနုပညာ ညီအစ်ကိုတွေရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ပြသရာလည်း ရောက်တယ်လေ၊ ဒါကြောင့် ကျနော်ပါဖြစ်တာပါ” လို့ ဧရာဝတီကို ရှင်းပြပါတယ်။ ပြေတီဦး ဖောင်ဒေးရှင်း အနေနဲ့ အရင်က ပညာရေး ရန်ပုံငွေအတွက်သာ ရည်ရွယ်လှူဒါန်းနေတာ ဖြစ်ပါတယ်။
အဖွဲ့ကို ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းဖြစ်မှာ ဖြစ်ပြီး ပါဝင်ကြတဲ့ ဖောင်ဒေးရှင်းမှ မတည်ငွေ ထည့်ပြီး လှုပ်ရှားမှုများ စတင်တော့မယ်လို့ သိရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်းကလည်း ဖောင်ဒေးရှင်းများ ပူးပေါင်းပြီး နာမကျန်း အနုပညာရှင်များကို ထောက်ပံ့လှူဒါန်းမှာ ဖြစ်လို့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သူရဲ့ လူမှုကွန်ရက် Facebook မှာ ရေးသားထားပါတယ်။
ဇွန်လ ၅ ရက်တုန်းကလည်း နာမကျန်းဖြစ်နေတဲ့ ယခင် သရုပ်ဆောင် ဦးစောနိုင် (ရှမ်းပြည်) ယခု အရှင် စန္ဒိမာ ဆီကိုလည်း ဝေဠုကျော် ဖောင်ဒေးရှင်းကအလှူငွေ ကျပ်သိန်းလေးဆယ်ကျော် သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒီလို သွားရောက်လှူဒါန်းဖို့ မတည်သူက နှင်းဆီဖောင်ဒေးရှင်းက ဒါရိုက်တာ မောင်မျိုးမင်းဖြစ်ပြီး တခြား အနုပညာရှင် များစွာကလည်း အားဖြည့်ပါဝင် လှူဒါန်းကြတာ ဖြစ်ကြောင်း သိရပါတယ်။