မိုးရာသီလို့ ဆိုပေမယ့်လည်း မိုးမရွာတဲ့နေ့တွေမှာတော့ ပူစပ်ပူလောင်လိုလို ခံစားနေရတုန်းပါပဲ။ နွေရာသီတုန်းကလဲ တချို့ညတွေ ပူလွန်းလို့ အိပ်မရတဲ့ညတွေ ရှိကြပါလိမ့်မယ်။ ပူလွန်းတဲ့ညတွေမှာ အဲကွန်းရှိသူတွေက အဆင်ပြေနိုင်ပေမယ့် အဲကွန်းမရှိသူတွေ၊ တချို့အဲကွန်းတပ်ဖို့အဆင်မပြေသူတွေအနေနဲ့ တော်တော်ကို ဆိုးဝါးတဲ့ညတွေ ဖြစ်ခဲ့မှာပါ။
ရာသီဥတုက ပူ၊ ဒီကြားထဲ လူက တနေကုန် အလုပ်လုပ်ရ၊ ကျောင်းစာတွေကျက်ရနဲ့ ပင်ပန်းပြီး အိမ်ပြန် အိပ်ယာဝင်ချိန် အိပ်ယာထဲရောက်တာတောင် မအေးသေးတဲ့ ညတွေက တကယ်တော့ ဆိုးလွန်းလှပါတယ်။ ဒီလို ပူတဲ့ညတွေကို အေးအေးမြမြနဲ့ ကျော်လွန်နိုင်ဖို့ နံရံအပေါက်ဖောက်စရာမလို၊ နေရာအကျယ်ကြီးမလိုပဲ အလွယ်တကူ အသုံးပြုနိုင်မယ့် အဲကွန်းခြင်ထောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဲကွန်းခြင်ထောင်ဆိုလို့ အထူးအဆန်းတော့ဖြစ်နေပါလိမ့်မယ်။
သူက ခြင်ထောင်မှာ အဲကွန်းတပ်စရာ ပုံစံအပေါက် ပါဝင်ကာ အဲကွန်းကို ခြင်ထောင်မှာ တပါတည်း တပ်ဆင်ထားပြီး ခြင်ထောင်ထောင်လိုက်ရုံနဲ့ အဲကွန်းရဲ့အေးမြတဲ့အရသာကို ရရှိမှာပါ။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။
ဒီ အဲကွန်းတွေဟာ သာမန်အဲကွန်းတွေလို မီးအားအများကြီးမလိုဘဲ ဘတ္ထရီအိုးနဲ့ အသုံးပြုလိုပါက 500W အင်ဗာတာခံပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ခြင်ထောင်မပါဘဲ အသုံးပြုမယ်ဆိုရင်လည်း ၁၅ ပေ ပတ်လည် တခန်းစာ အေးအောင် အသုံးပြုနိုင်ပါတယ်။ ဆိုလိုတာက ခြင်ထာင်ကိုဖြုတ်ပြီး အဲ့ကွန်းချည်း သက်သက် အသုံးပြုနိုင်တယ်လို့ ဆိုလိုတာပါ။ တခြားအဲကွန်းတွေလိုပဲ ရေထွက်ပေါက်ပါတာမို့လို့ ပိုက်နဲ့ သွယ်ပြီးအပြင်ထုတ်ထားရမှာပါ။ အောက်တွင် ရေခွက်ခံထားလည်း ရပါတယ်။ ရေခဲတုံးထည့်ရတဲ့ air-cooler မဟုတ်ဘဲ air-con အစစ်ဖြစ်ပါတယ်။
ကွန်ပရက်ဆာပါတဲ့ အဲ့ကွန်း၊ ရေခဲသေတ္တာတို့ရဲ့ထုံးစံအတိုင်း ဝယ်လာပြီး အိမ်ရောက်ရောက်ချင်း တန်းမဖွင့်ဘဲ ၁၅ မိနစ်ခန့် အငြိမ်ထား နေရာချပြီးမှ ဖွင့်ရပါမယ်။ ကွန်ပရက်ဆာထဲမှာ လည်ပတ်နေတဲ့ ဆီများ နေသားတကျမဖြစ်သေးချိန် ဖွင့်မိပါက ပိုက်လိုင်းများထဲသို့ အဆိုပါ ဆီများဝင်ရောက်ပြီး အအေးဓာတ် နည်းသွားနိုင်ပါတယ်။
“ပစ္စည်းက တရုတ်က လာတာပါ။ တခြားအဲကွန်းတွေနဲ့ သိပ်မကွာပါဘူး။ သူကတော့ နံရံတွေဘာတွေမလိုဘဲ ခြင်ထောင်ထဲမှာ ဒီတိုင်း တပ်ထားရုံနဲ့ အဆင်ပြေတာပေါ့နော်။ မီးအားအတက်အကျမှာတော့ နည်းနည်း အန္တရာယ်ရှိပါတယ်။ ဒါကလည်း safe guard နဲ့ သုံးရင် အဆင်ပြေပါတယ်။ ကျန်တာတွေကတော့ ဘာမှ ဘေးထွက်ဆိုးကျိုးမရှိပါဘူး” လို့ Lai Lai electronic store မှ ကိုမင်းမင်းက ဧရာဝတီကို ပြောပါတယ်။
ဈေးနှုန်းက တယောက်အိပ်ကို ၂၃၀၀၀၀ ကျပ်၊ နှစ်ယောက်အိပ်ကို ၂၅၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ဒီ အဲကွန်းလေးတွေကို အွန်လိုင်းကနေပဲဖြစ်ဖြစ်၊ အမှတ်(125)B1၊ မင်္ဂလာသိဒိ္ဓလမ်း၊ ကြည်စုရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။ နန်းထိုက် အီလက်ထရောနစ် စတိုးမှာလည်း ဝယ်ယူနိုင်ပါတယ်။