ကယ်ရီကေးချား (Caricature) နဲ့ ပုံတူ (Portrait) ရေးဆွဲတာတွေဟာ လူပုဂ္ဂိုလ်တွေရဲ့ သွင်ပြင်လက္ခဏာကို ရေးဆွဲကြ တာပါ။ ဒါပေမယ့် မတူခြားနားတဲ့ အချက်က အထူးပြု တင်ပြရေးဆွဲမှု အပိုင်းပါ။ ပုံတူရေးတဲ့အခါ မူရင်း လူပုဂ္ဂိုလ်နဲ့ တူအောင် ရေးဆွဲပါတယ်၊ မူရင်း လူပုဂ္ဂိုလ်ရဲ့ စရိုက်လက္ခဏာကို ပေါ်လွင်အောင် ရေးဆွဲပါတယ်၊ ပြီးတော့ အဲဒီ မူရင်းပုဂ္ဂိုလ်ရဲ့ စိတ်ခံစားမှု ပါအောင် ရေးဆွဲရပါတယ်။
ကယ်ရီကေးချားမှာတော့ တူအောင် ရေးဖို့ထက် မူရင်းပုဂ္ဂိုလ်ရဲ့ သင်္ကေတသဖွယ် မှတ်မိလွယ်တဲ့ လက္ခဏာတခုကို အထူးပြုရေးပါတယ်၊ မူရင်းပုဂ္ဂိုလ်ရဲ့ သွင်ပြင်ကို ရယ်ရွှင်ဖွယ် ဖြစ်အောင် ရွဲ့စောင်း သို့မဟုတ်၊ ပိန်ဖောင်း သို့မဟုတ်၊ သေးကျုံပြီး ရေးပါတယ်။ မူရင်းပုဂ္ဂိုလ်ရဲ့ စိတ်ခံစားမှုထက် လက်ရှိအခြေအနေ တရပ်နဲ့ ယှဉ်တွဲတင်ပြတဲ့ သဘော ရှိပါတယ် လို့ ဆိုပါတယ်။
ကယ်ရီကေးချားကို မြန်မာလို ရုပ်ပြောင်လို့ ဘာသာပြန်ကြပါတယ်။ လူတယောက်ရဲ့ အလွယ်တကူ ထင်ရှား တွေ့မြင်ရတဲ့ သွင်ပြင်ကို ရယ်ရွှင်ပျော်ရွှင်ရအောင် ပြောင်လှောင်ရေးဆွဲတာကြတာ ဖြစ်ပါတယ်။ ဥပမာ လူတယောက်ရဲ့ မျက်နှာမှာ ပါးစပ်က မြင်သာ ထင်ရှားရှိနေရင် ပါးစပ်ကို အထူးပြုရေးပြီး ကျန် အစိတ်အပိုင်းတွေကို လိုအပ်သလို ရွဲ့စောင်း၊ ဆွဲဆန့်၊ သေးကျုံ့၊ ဖောင်းကားပြီး ရယ်ရွင်စရာ ဖြစ်အောင် ရေးဆွဲတာပါ။
၂၀၁၆ ခုနှစ်၊ ဇွန် ၁၁ ကနေ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ပြုလုပ်မယ့် စိုင်းစိုးကြည်၊ ကျော်မိုးအောင်၊ သိန်းထွန်းဦး၊ ဝလုံး၊ ဘီညို၊ ဝေယံ၊ ဝင်းမြင့်အောင်၊ မောင်မောင်အောင်တို့ရဲ့ ကယ်ရီကေးချား အနုပညာ ပြပွဲ (Caricature Art Exhibition) ကတော့ အနုပညာ မြောက်အောင် ဖန်တီးရေးဆွဲထားတယ်လို့ ဆိုပါတယ်။
ပြပွဲနဲ့ ပတ်သက်ပြီး ပြပွဲ ကက်တလောက်မှာ “ကယ်ရီကေးချား ပညာဟာ ကာတွန်းလည်း မဟုတ်ပါ။ ပန်းချီလည်း မဟုတ်ပါ။ ပန်းချီ၊ ကာတွန်း၊ အနုပညာနဲ့ ပေါင်းစပ်ပြီး ရေးဆွဲခံသူရဲ့ စရိုက်သဘောကို ပေါ်လွင်အောင် ချဲ့ထွင်ခြင်း၊ ဖွဲ့ခြင်းဖြင့် ဖန်ဆင်းသူနဲ့ ကြည့်သူကို ထူးခြားတဲ့ ရသကို ပေးပါတယ်” လို့ ဖော်ပြပေးထားပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံများမှာတော့ ကယ်ရီကေးချား ဖန်တီးမှုနဲ့ သာမန်လူ တဦးကနေ တိုင်းပြည်ခေါင်းဆောင် သမ္မတ အထိ ရေးဆွဲကြတာတွေ ရှိသလို လက်ခံ အားပေးမှုလည်း ကျယ်ပြန့်ပါတယ်။ “ကယ်ရီကေးချား ပညာဟာ လွတ်လပ်မှု နားလည်မှုအပေါ်မှာ သက်ဝင်ပါတယ်။ လူမှုအသိုင်းအဝိုင်းကိုလည်း ပျော်ရွှင်မှုပေးပါတယ်” လို့လည်း ကတ်တလောက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
ပန်းချီ စိုင်းစိုးကြည်က “ကျနော်တို့ သူငယ်ချင်း ၈ ယောက်၊ ၆ လလောက်ကြာ တိုင်ပင်စီစဉ်ပြီးမှ ပြပွဲ ဖြစ်လာတာပါ။ ရည်ရွယ်ချက်ကတော့ ကယ်ရီကေးချားနဲ့ အနုပညာ ပန်းချီပေါင်းစပ် ဖန်တီးထားတဲ့ လက်ရာတွေ တင်ပြဖို့ပါပဲ” လို့ ပြောပြ ပါတယ်။
ပန်းချီ ကျော်မိုးအောင်ကတော့ “ပြပွဲမှာ ပါဝင်တဲ့ အနုပညာရှင်က ၈ ယောက်၊ တယောက်ကို ၆ ကားစီ သတ်မှတ်ထားပါတယ်။ တချို့တလေ ကတော့ အဲဒီထက် ပိုကောင်းပိုနိုင်ပါတယ်။ ဒါကြောင့် ကယ်ရီကေးချား လက်ရာ ၅၀ လောက် ပါနိုင်ပါတယ်။ အဓိက ကတော့ ကယ်ရီကေးချားနဲ့ ကာတွန်း အမြင်ကို ပေါင်းစပ်ပြီး ရေးဆွဲ တင်ပြတာပါ။ အထူးသဖြင့် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကယ်ရီကေးချားပုံတွေ အများစုပါဝင်ပါတယ်” လို့ ဆိုပါတယ်။