Miss Earth Myanmar 2015 အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အလှမယ် အိမ့်မျက်ခြယ်ကို နိုင်ငံဂုဏ်ဆောင် အလှမယ်တယောက်အဖြစ်သာမက မိခင်ဖြစ်သူရောင်းတဲ့ မြန်မာမုန့်ဆိုင်မှာ မိခင်နဲ့အတူတူ ကူညီရောင်းချပေးရင်း တဖက်က ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူအဖြစ် အများက သိရှိလာကြတာပါ။ အလှမယ် အိမ့်မျက်ခြယ်က သူ့ရဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ မုန့်ကြာစိနဲ့ မြန်မာမုန့်များ ရောင်းချခြင်းကို မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး ဒီ အလုပ်ကိုပါ ကူညီလုပ်ကိုင်ပေးနေတဲ့ အလှမယ်တဦးလည်းဖြစ်ပါတယ်။ အလှမယ် တယောက်အနေနဲ့ မိဘအလုပ်အကိုင်ကို မငြီးမငြူစတမ်း ကူညီလုပ်ကိုင်ပေးနေရင်း ဒီအလုပ်အပေါ်မှာလည်း ရှက်ရွံ့အားငယ်စိတ်မရှိ ပွင့်လင်းစွာ ပြောပြ လုပ်ကိုင် နေတဲ့ အလှမယ် အိမ့်မျက်ခြယ်နဲ့ ဧရာဝတီ သတင်းထောက် ယုမွန်ကျော်တို့ ပြောဆို ဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။လတ်တလောမှာ အိမ့်မျက်ခြယ်ရဲ့အနုပညာလှုပ်ရှားမှုအကြောင်းကို သိချင်ပါတယ်။
ဖြေ။ ။လတ်တလောမှာ ညီမ မြန်မာ့အသံက ထုတ်လွှင့်နေတဲ့ တေးစီးရီး Trip Program အတွက် မဇိ္ဈမ မီဒီယာနဲ့ နယ်ဘက်ရိုက်ကူးရေးတွေ လုပ်နေပါတယ်။
မေး။ ။မိသားစု မုန့်ဆိုင်လိုမျိုးလေးဖွင့်ထားပြီး အမေနဲ့အတူ ဈေးကူရောင်းပေးနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ဟုတ်ပါတယ်။ ညီမ အိမ်မှာ ရှိတဲ့အချိန်ဆိုရင် အမေ့ကိုဆိုင်ဖွင့်ဖို့ ကူဖြစ်တယ်။ တခါတလေ တယောက်တလှည့်စီ ထမင်းပြန်စားကြတဲ့ အချိန်လည်း ရှိတယ်။ အခုက မိုးတွင်းရောက်လာပြီဆိုတော့ လေတွေမိုးတွေ အရမ်းကြမ်းတယ်လေ။ ညီမတို့ဆိုင်က လမ်းဘေးပလက်ဖောင်းပေါ်မှာဆိုတော့ ထီးနဲ့ စားပွဲပဲ ရှိတာဆိုတော့ လေတွေ အရမ်း ကြမ်းလာရင် အမေတယောက်ထဲ ထီးမနိုင်တဲ့အခါတွေရှိတယ်။ ပြီးတော့ ဧည့်သည်တွေ အရမ်းများတဲ့အချိန်ဆိုရင် ဝယ်တဲ့သူတွေရှိနေတဲ့အတွက် ဒီ ထီးကို ကိုင်ထားဖို့ အဆင်မပြေဘူး။ ဒါကြောင့် မိုးတွင်း မိုးရွာနေတဲ့အချိန်ဆိုရင် ဆိုင်မှာ အမေနဲ့တူတူ အမေ့ကိုပိုပြီး ကူညီဖြစ်တယ်။
မေး။ ။အိမ့်မျက်ခြယ်တို့ မုန့်ဆိုင်က အဓိက ဘာတွေ ရောင်းတာလဲ။
ဖြေ။ ။မုန့်တွေက မြန်မာမုန့်တွေပါ။ မုန့်ကြာစိ သာကူ ၊ ထန်းညက် သာကူ ကို ကန်စွန်းဥနဲ့ လုပ်ထားတာ၊ မုန့်ဖက်ထုပ်၊ အုန်းနို့ကျောက်ကျော၊ နို့စိမ်းကျောက်ကျော၊ ဖျော်ရည်နဲ့လုပ်ထားတဲ့ ကျောက်ကျော၊ ငှက်ပျောသီးပေါင်း အဲဒါတွေ လုပ်ပြီးရောင်းတာပါ။
မေး။ ။အလှမယ်တယောက်ဖြစ်နေပေမယ့် အမေ့ ဈေးဆိုင်ကို ကူရောင်းပေးဖြစ်နေတဲ့အပေါ်မှာ ဘယ်လိုစိတ်မျိုးထားပြီး လုပ်ဖြစ်တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ဟုတ်ကဲ့။ အလှမယ်တယောက်ဖြစ်ပေမယ့် ဒါက Professional အလုပ်မဟုတ်ဘူးလေ။ နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ သွားပြိုင်ဖို့ ပေးအပ်ခြင်းခံရတယ်။ အဲဒီအတွက် ညီမရဲ့ ဘဝမှာရပ်တည်ဖို့နဲ့ မိသားစုကို ထောက်ပံ့ဖို့က အလုပ်လည်းလုပ်ရဦးမယ်လေ။ အနုပညာဘက်မှာလည်း အခွင့်အရေးပေးသလောက် အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဒီဘက်လောကရဲ့ ဝင်ငွေသည် ညီမရဲ့မိသားစု တစုလုံးကို ထောက်ပံ့နိုင်ဖို့ မလုံလောက်သေးပါဘူး။ ဒီ မုန့်ဆိုင်လေး ကလည်း ညီမ Miss တယောက် မဖြစ်ခင်ကတည်းက ဒီဆိုင်လေးနဲ့ မိသားစုရပ်တည်လာကြတာလေ။ ဒါကြောင့် ဒီ မုန့်ဆိုင်လေးကလည်း ညီမ ကူမှကို ဖြစ်မှာလေ။ အမေကလည်း အသက်ကြီးပြီ၊ အဖေကတော့ ကျန်းမာရေး မကောင်းလို့ မကူနိုင်တော့ဘူးလေ။ ဒီတော့ အမေ တယောက်ထဲ ရောင်းတဲ့အချိန်မှာ ညီမ ကူကို ကူဖို့ လိုအပ် နေတယ်။ ဒီဆိုင်လေးရဲ့ အဓိက ဝင်ငွေကို မှီတည်ပြီး ညီမတို့ ထမင်းစားနေကြတာလေ။ ဒါကြောင့် ကိုယ် ထမင်းစား နေတဲ့အလုပ်ကိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်ရမှာပေါ့နော်။ Miss ဖြစ်နေသည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကိုယ့် မိဘကို ကိုယ်ကူရမယ်။ ကိုယ့်မိသားစုရဲ့ အသက်မွေးဝမ်းကြောင်းကို ကူညီရမှာပေါ့။
မေး။ ။ဒီအပေါ် ရှက်တယ်ဆိုတဲ့ စိတ်မျိုးရော ဖြစ်ခဲ့ဖူးလား။
ဖြေ။ ။အရင်တုန်းကတော့ ရှက်တယ်ပေါ့။ ဒီလိုရောင်းတဲ့အတွက် ငါ့ကို ဝိုင်းပြီး နှိမ်ကြမလား မသိဘူးဆိုပြီးလေ။ ဒါပေမယ့် တကယ်တမ်း စဉ်းစားကြည့်တော့ ကိုယ့်မိဘကို ကိုယ်ကူညီတာလေ။ ကိုယ်တောင် ဒီလိုချပြဖို့အတွက် သတ္တိတော်တော်မွေးခဲ့ရတာပါ။ သူများတွေ အနေနဲ့ဆိုရင် ချပြဖို့က အဆင်မပြေပါဘူး။ ဘာကြောင့် ချပြခဲ့လဲဆိုရင် ကိုယ့်လို ဒီလိုအခြေအနေတူ လူငယ်ပိုင်းလေးတွေ သိစေချင်လို့ပါ။ ကိုယ့်ရဲ့အိမ်မက်လေးတွေ အကြီးကြီးတွေ ရှိနေပါ ရက်နဲ့ ဒီလိုအိမ်မက်တွေက ငါတို့နဲ့ဘာမှမဆိုင်ပါဘူးလေ ဆိုပြီး ဖြစ်နိုင်ပါရက်နဲ့ ဒီလိုတွေတွေးပြီး ကိုယ့်ရဲ့အိမ်မက်တွေ ကို အကောင်အထည်ဖော်ဖု့ိမကြိုးစားကြတော့ဘူး။ ဒါကြောင့် ကိုယ်လို ရွယ်တူတန်းတူတွေ၊ အရွယ်တူတဲ့ လူငယ်တွေကို အထူးသဖြင့် ညီမက အားပေးတာပါ။ လမ်းဘေးမှာ မုန့်ရောင်းနေတဲ့ ဒီလို မိန်းကလေးတယောက်ဟာ လည်း တကယ်တမ်းဖြစ်ချင်စိတ်နဲ့ ရိုးရိုးသားသားကြိုးစားရင် ဒီလို ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရနိုင်တယ်ဆိုတာ အဓိက အားပေးချင်တာပါ။
မေး။ ။ဒီနေ့ခေတ် လူငယ်တွေအတွက် စကားတခုခုပြောပြပေးပါလား။
ဖြေ။ ။ဟုတ်ကဲ့ မိဘအလုပ်ဆိုတာ ကိုယ်ကို ကျွေးမွေးပြုစုခဲ့တဲ့ မိသားစုလုပ်ငန်း ဒီအရာတွေကို ဘယ်လိုမှ မပစ်ပယ်သင့်ဘူး။ ဒီလုပ်ငန်းကို မလုပ်ကိုင်ခဲ့ဘဲနဲ့ မိသားစုက ကိုယ်ကို ကောင်းကောင်းမွန်မွန် ကြီးပြင်း လာစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ မိသားစုကိုရော ကိုယ်ကိုရော တောင့်ခံပေးထားတဲ့ ဒီလို မိသားစုအလုပ်လေးကို ဘာအလုပ်ဖြစ်ဖြစ် တန်ဖိုးထားစေချင်တယ်။ မိဘက ဆိုက်ကားနင်းလည်း ဒီ ဆိုက်ကားနင်းတာကို ချပြရဲနိုင်ရမယ်။ လိုအပ်ရင် အဖေ ဆိုက်ကားနင်းတာကိုလည်း ပြောပြရဲရမယ်။ အဖေကိုလည်း လူကြားထဲမှာ ထုတ်ပြရဲရမယ်။ ဆိုလိုတာက မိဘအလုပ်ကပဲ ဖြစ်ဖြစ်၊ မိဘကပဲ လူကြားထဲ ချမပြရဲအောင် သားနားမှု မရှိရင်ပဲဖြစ်ဖြစ် ဒီလို အတွေးတွေရှိပြီး လူကြားထဲကို မိဘကို ချပြဖို့ ရှက်တဲ့ သားသမီးတွေကို ပြောပြချင်ပါတယ်။ မိဘဆိုတာ ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေပါ။ ကိုယ် အခုနေအောင်မြင်နေမှ သူတို့အရမ်းချစ်နေကြတာ မဟုတ်သလို ကိုယ်ဘာမှ မဟုတ်ခဲ့တုန်းကလည်း လူတကာလက်ညိုးထိုးခံနေရလည်း မိဘက ကိုယ့်ကို ချစ်နေမှာပဲ။ ကိုယ့်ရဲ့ အောင်မြင်မှု ကျဆုံးမှုတွေနဲ့ ဘာမှမသက်ဆိုင်ဘဲနဲ့ ကိုယ့်ကို အမြဲချစ်ခင်ပေးနေမယ့် ကိုယ့်နောက်မှာ အမြဲရှိနေမယ့် မိဘပါ။ သူတို့ လုပ်နေတဲ့အလုပ်၊ လုပ်ငန်းလေးကိုလည်း ဘယ်လိိုအခြေအနေဖြစ်နေပါစေ တန်ဖိုးထားကြပါလို့ ပြော ချင်တယ်။
မေး။ ။အိမ့်မျက်ခြယ်တို့ရဲ့ မုန့်ဆိုင်က ဘယ်နားမှာဖွင့်ထားတာလဲ။
ဖြေ။ ။မုန့်ဆိုင်က မြန်မာဂုဏ်ရည်အိမ်ရာနဲ့ လမ်း ၉၀ ထိပ်မှာပါ။ အဲဒီမှာရောင်းတဲ့ မုန့်ကြာစိဆိုင်ဆိုရင် လူတိုင်း သိကြတယ်။