နေ့စဉ်နေ့တိုင်း ဖြတ်သန်းနေကြတဲ့ ဘဝမှာ စား၊ ဝတ်၊ နေ ဆိုတဲ့ ကဏ္ဍကြီးသုံးခုက အလွန်အရေးကြီးပါတယ်။ ဒါတွေဟာ နေ့စဉ်နဲ့အမျှ တွေ့ကြုံဖြေရှင်းနေရတဲ့ ကိစ္စတွေပါပဲ။ ဒီအရာတွေထဲမှာ တနေ့တနေ့ ခေါင်းအစားရဆုံး ကတော့ အစားအသောက်ပါ။
တနေ့တနေ့ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားရတာ လူတချို့အတွက် တာဝန်ကြီးတခုလို ဖြစ်နေတတ်တာပါ။
ဒီလိုပြဿနာတွေကို အိမ်ရှင်မများ အများဆုံး ကြုံရတတ်ပါတယ်။ အိမ်မှာ ဒီနေ့ ဘာချက်ရင်ကောင်းမလဲ ဆိုတာမျိုးပေါ့။ နောက်ပြီး တစ်ယောက်တည်းနေသူတွေ၊ အပြင်မထွက်နိုင်သူတွေ၊ အများဆုံး ကြုံရပါတယ်။ တခါတလေ ကိုယ့်ကိုကိုယ် ဘာစားချင်မှန်းမသိတဲ့ အခါမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။ နောက်တခုက ရုံးတက်နေရသူ တွေပေါ့။ ဗိုက်ဆာတဲ့အချိန်မှာ အလွယ်တကူ အပြင်ထွက်လို့ မရတာမျိုး မထွက်ချင်တာမျိုး ဆိုရင် ပိုဆိုးပေါ့။
အဲ့လိုအချိန်တွေမှာ စိတ်ညစ်ရတာတွေကို ကူညီဖြေရှင်းပေးနိုင်မယ့် အွန်လိုင်းကနေပဲဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ် စားချင်တာကိုမှာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်တဲ့ Food2u ဆိုတဲ့ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ရန်ကုန်မြို့တွင်း အလုံ၊ ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကျောက်တံတား၊ ကြည့်မြင်တိုင်၊ လမ်းမတော်၊ လသာ၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ တာမွေ နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့မှ မှာယူမယ်ဆိုရင် လိုက်လံပို့ဆောင်ပေးပြီး delivery charges(ပို့ဆောင်ခ)အနေနဲ့ ကတော့ ပို့ရတဲ့နေရာအကွာအဝေးကို လိုက်ပြီး ယူတယ်လို့ သိရပါတယ်။
“Food2u စလုပ်တာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ ရန်ကုန်မြို့ရဲ့ အလျှင်မြန်ဆုံးနဲ့ ဝန်ဆောင်မှုအကောင်းဆုံး အစားအသောက်ပို့ဆောင်ရေးဖြစ်စေဖို့က Food2u ရဲ့ရည်ရွယ်ချက်ပါ။ စားသောက်ဆိုင်တွေနဲ့ ချိတ်မှာပြီး လိုက်ပို့ပေးတာပါ။ မြန်မာထမင်းဟင်း၊ ကြေးအိုး၊ Pizza၊ ဥရောပ အစားအစာ၊ ထိုင်းအစားအစာပေါ့။ ကျနော်တို့ ချိတ်ထားတဲ့ ဆိုင်တွေမှာ ရသမျှ အကုန်ရပါတယ်။ မနက် ၇ နာရီကနေ ည ၉ နာရီထိ ပို့ပါတယ်။ ညနေ ၆ နာရီဆိုရင်တော့ အော်ဒါပိတ်ပါတယ်။ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ အွန်လိုင်းကနေပဲဖြစ်ဖြစ် ကျနော်တို့ကို တနာရီကြိုပြီး မှာရပါတယ်။ ပိတ်ရက်မရှိပါဘူး။ ဝန်ထမ်းဦးရေ ၁၅ယောက်ဝန်းကျင်နဲ့ အလုပ်လုပ်ပါတယ်” လို့ Food2u မှ Digital Marketing Executive ကိုတေဇာတင်ညွန့် က ပြောပါတယ်။
Food 2u အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းဟာ ရန်ကုန်မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်ပေါင်း ၅၀ နီးပါးနဲ့ ချိတ်ဆက်ထားတာလည်းဖြစ်ပါတယ်။
“ကားလမ်းတွေကြပ်ပေမယ့် ကျနော်တို့ စက်ဘီးကိုပဲ တတ်နိုင်သလောက် သုံးတယ်ဗျ။ စက်ဘီးနဲ့သွားလို့ အဆင်မပြေတဲ့နေရာတွေကိုပဲ ကားနဲ့ သွားပါတယ်။ စားသုံးသူတွေအနေနဲ့ အပြင်ထွက်စရာမလိုပဲ ကိုယ်စားချင်တဲ့ အစားအစာကို အိမ်ထဲမှာတင် စားနိုင်တာဖြစ်တဲ့အတွက် သူတို့လည်း သဘောကျကြပါတယ်။ စိတ်ကျေနပ်မှုလည်း ရှိကြပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်အပြင် မန္တလေးနဲ့ တခြားမြို့တွေကိုလည်း ဆက်ပြီး ပို့သွားဖို့ အစီအစဉ်တွေရှိပါတယ်” လို့ သူက ထပ်ပြောပြပါတယ်။
Food 2u အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းဖြင့် ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်များကို www.food2u.com.mm မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။