မောင်သစ် (မောင်ကိုယု)၊ မာန်မြင့်၊ မင်းသစ်၊ ဂျက်(ကွမ်းခြံကုန်း) အစရှိတဲ့ သရော်စာတခေတ်ကို ဖတ်ပြီး နောက်ပိုင်း သရော်စာတွေကို မဖတ်ရတာကြာပြီလို့ တွေးနေတုန်း စာအုပ်တအုပ်ကို သူငယ်ချင်း တယောက် ညွှန်လို့ ဖတ်ဖြစ်ပါတယ်။ အဲဒီ စာအုပ်ကတော့ ဗြိတိသျှ ကိုကိုမောင် ရေးတဲ့ “သမိုင်းဝင်သောည” စာအုပ် ပါပဲ။
ကလောင်ရှင်ဟာ အမည်နည်းနည်း စိမ်းနေပေမယ့် အွန်လိုင်းတို့၊ ဂျာနယ်တို့မှာတော့ တွေ့ရစပြုလာတဲ့ ကလောင်တခု ဖြစ်ပါတယ်။ စာအုပ်တအုပ်လုံးရဲ့ ခေါင်းစဉ်ကလည်း ဟိုတလောလေးက စာဖတ်နေတဲ့ ဘဘကြီးရဲ့ မြေးတော်လေးက သုံးသွားတဲ့ စကားလုံး ဖြစ်ပါတယ်။
သမိုင်းဆိုတာ ကိုယ်ရေးချင်သလို ရေးလို့ရတယ်ထင်နေတဲ့ မြေးတော်လေးကို ပြန်ရေးထားတာကို ဖတ်ချင်မိတာလည်း ပါ ပါတယ်။ ဒီနိုင်ငံမှာက သမိုင်းအမည်းစက်ကို ရေနဲ့ဖျက်လို့ရမယ် ထင်နေတဲ့ အခွင့်ထူးခံ လူတန်းစားတွေလည်း ရှိနေလို့လေ။ သမိုင်းတွင်တယ်တို့ ဘာတို့ဆိုတာ မစွန့်ဘဲ စားသူတွေမပါတာ သူတို့ သိဟန်မတူဘူး။
ဒီစာအုပ်မှာ ဆောင်းပါးပေါင်း ၂၈ ပုဒ် ပါဝင်ပါတယ်။ ပါဝင်တဲ့ဆောင်းပါးတွေထဲက တချို့ခေါင်းစဉ်တွေကို ထုတ်နုတ်ပြရရင် အိမ်ကွင်း အဝေးကွင်း ညီညွတ်ရေး၊ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာမောင်ဗြိနှင့် သမိုင်းဝင်သောည၊ ငါးသိန်းတန် ငြိမ်းချမ်းရေး၊ ဆဲရေးခြင်း လွတ်ကင်းအောင် အီးယားဖုန်းဆောင်ပါမည်၊ သေအားငယ်ရသူမယ်၊ မမှောက်ခင်က ပျောက်နေ သော ဆီးသီးဗန်း၊ စံမပေါ် နိုင်ငံကျော် ဆရာကြီးဗြိ၏ နာမည်ကျော်စာရေးဆရာဖြစ်နည်း စတာတွေ ဖြစ်ပါတယ်။
ဆောင်းပါးအများစုက လက်ငင်းဖြစ်ပျက်နေတဲ့ အကြောင်းအရာကို အခြေခံပြီး သရော်ရေးသားထားပါတယ်။ လော်ဘီတွေ ခေတ်ထလာတာနဲ့အမျှ လော်ဘီများကိုလည်း ဒီလို ရေးသားထားတာတွေ့ရပါတယ်။
“အနောက်သို့ လှမ်းချီ … မြန်မာလော်ဘီ” ဟု ကုမ္ပဏီဆောင်ပုဒ်တောင် စဉ်းစားထားကြသည်တဲ့။ တချို့ကတော့ ငါးနှစ်လုံး လော်ဘီလုပ်ခဲ့သည့် အဘများကို သံယောဇဉ်မကုန်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ဆူးလေပန်းခြံရှေ့မှာ ကျောင်းသားတွေကို လက်ပတ်အနီ လူတစုက အကြမ်းဖက် ဖြိုခွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီးလည်း “သတိ … တာဝန်ရှိ ငဗြိ လက်ပတ်အနီ ပတ်ထားသည်” ဆိုတဲ့စာမှာ ခုလိုရေးထား ပါတယ်။
“လက်ပတ်ပေါ်မှာ စာတန်းတခုလည်း ရေးထားသေးရဲ့ … အိုး ဘာတဲ့ ။ တာဝန်ရှိသူဆိုပါလား။ ဟား အခုမှ တွေ့ပြီဗျို့ …။ ငယ်ငယ်ကတည်းက မောင်ဗြိ ရှာနေခဲ့တဲ့ တာဝန်ရှိသူဆိုတဲ့သူတွေ …။ သူတို့ဟာ ရေမရောတဲ့ တာဝန်ရှိသူအစစ်တွေ ဖြစ်ကြောင်း လက်မောင်းမှာတောင် တာဝန်ဆိုပြီး စာရေးပတ်ထားမှတော့ စစ်စစ်နဲ့တောင် မြည်သေးပေါ့ဗျာ။ အောင်မယ် … တာဝန်ရှိသူတွေက အရွယ်စုံပဲ။ ပုဂ္ဂိုလ်ကြီးများတင်မက ပုဂ္ဂိုလ်လေးများလည်း ပါသဟ။”
“ဒီည သမိုင်းတွင်မယ့် ည…..နေပြည်တော်” ဆောင်းပါးမှာတော့ “စာလုံးလေးဆယ်လုံး မပြည့်တဲ့ စတေးတပ်စ်အောက်မှာ လူတွေများ တိုင်းပြည်ပျက်တော့မလို ဖြစ်နေကြတာ တွေ့ရသဗျို့။ တချို့များဆို ဒီစတေးတပ်စ်ဖတ်ပြီး ဆီဈေး၊ ဆန်ဈေးပဲ တက်တော့မလိုလို၊ လေယာဉ်လက်မှတ်ပဲ ပြေးဝယ်တော့မလိုလို၊ မနက်ဖြန်ပဲ တောခိုရတော့မလိုလို ရေးထားတာတွေ့ရဲ့” လို့ ခနဲ့ထားပါတယ်။
“အခုကိစ္စလည်း အချစ်တုံးလေးက တင်ထားတာဆိုတော့ မောင်ဗြိတောင် စိတ်လှုပ်ရှားပြီး ကိုယ်ထိုင်သောက်နေတဲ့ ထိုင်ခုံကို သေချာငုံ့ကြည့်မိသေး။ မတော်ပြုတ်ကျဖို့ လက်တစ်လုံးလိုနေရင် ပြန်ပြင်ထိုင်လို့ ရအောင်လို့လေ။ နို့မို့ ကယ်တင်ရှင် ကိုယ်တော်တွေက ပြုတ်ကျမှာစိုးလို့ ကယ်မယ်ဆိုပြီး ရှိစုမဲ့စုပုလင်းလေးကို အတင်းလုသောက်သွားမှ ငတ်ရချည့်ရဲ့။”
ကျည်ဆန်လာလိမ့်မယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဖေ့စ်ဘုတ်ပျော် အမတ်တယောက်ဖြစ်တဲ့ ဘူးလက်ကိုလည်း ပါးပါးလေး ပုတ်ပြထားတာကို “အမတ်ကြီး ရန်စဘူးလက် ကသာသို့ စစ်ချီတော်မူသည့် အကြောင်း” စာမှာ “ရန်စဘူးလက်၏ လက်ရုံးဘုန်းတန်ခိုးတော်ကြောင့် အမတ်ကြီး စစ်ချီရာလမ်းတလျှောက် ဖုန်တထောင်းထောင်း ထ၏။ နေပြည်တော်တွင် တော်သလင်းမတိုင်မီ အခါမဟုတ် ခွေးများ မိတ်ထကြ၏။ … နေပြည်တော်တွင် ထူးခြားသောနိမိတ် များဖြစ်ပေါ်သည့်အတွက် ဗန္ဒကသရက်သီး မင်းတရားကြီးသည် ‘ဟူးရားဇော်’၊ ‘ဟူးရားထွဋ်’တို့အား ခေါ်ယူကာ တွက်ချက်စေ၏။” လို့ သရော်ထားပါတယ်။
“ကသာနှင့်ဘူး ဝမ်းတွင်းရူး၊ နှစ်ပါးဆိုင်မှ ကုန်းကွကွ” ဟူသော တဘောင်တစ်ခုကို အကြောင်းမဲ့ ရွတ်ဆိုကြကုန်သည်ကို ကြားကြရ၏။ ကသာနှင့် ဘူးဆိုသည်မှာ ကသာစားနှင့် အမတ်ကြီး ရန်စဘူးလက်တို့ဖြစ်ကြောင်း ၎င်းတို့နှစ်ဦး နှစ်ပါးဆိုင် သည့်အခါ အပြန်အလှန် ကုန်းကုန်းကွကွ စစ်ထိုးကြမည်သာဖြစ်ပြီး ရွှေနန်းတော်အား မထိခိုက်နိုင်ကြောင်း မင်းကြီးထံ လျှောက်ကြ၏။ မင်းကြီးလည်း စိတ်နှလုံးကြည်လင်စွာဖြင့် လယ်တောနန်းသို့ကြွကာ နိပွန်ပြည်မှ ဆက်သသော မုန့်များကို ရိုးရှင်းစွာ ပွဲတော်တည်တော်မူချေ၏။”
အခြားနိုင်ငံရေးဖြစ်စဉ်တွေထဲက ကမောက်ကမ အမြီးအမောက်မတည့်တာများကို ဆောင်းပါး ၂၈ ပုဒ်လုံးထဲမှာ သရော် ကလိထားတာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ သရော်စာ အစောဆုံး ရေးသားခဲ့သူကတော့ ဆရာကြီး သခင်ကိုယ်တော် မှိုင်း ပဲဖြစ်ပါတယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ် မြန်မာပြည်ရှိ တချို့သူများ အနောက်တိုင်းဆန်ဆန် “မစ္စတာ” ကို ကိုယ့်နာမည် ရှေ့ထားပြီး ပြောဆိုနေကြတာကို ဆရာကြီးက အမြင်ကပ်ဟန်တူတယ် ထင်ပါတယ်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ဝတ္ထုထဲမှာ လူရှုပ်လူပွေဇာတ်ကောင် မောင်မှိုင်းရှေ့မှာ “မစ္စတာ” တပ်ပြီး ရေးသားခဲ့ပါတယ်။ မစ္စတာတပ်ခေါ်သူတွေ တွန့်ဆုတ် သွားခဲ့ကြတယ်လို့ မှတ်သားခဲ့ရပါတယ်။
သရော်စာဆိုတာ တိုင်းပြည်တွင်း အုပ်ချုပ်ရေး၊ တရားရေး၊ နိုင်ငံရေးအမြင်မတော်မှုများကို မီးမောင်းထိုးပြနိုင်စွမ်း ရှိတယ်လို့ မှတ်သားခဲ့ရဖူးတာမို့ စာရေးသူ ဗြိတိသျှ ကိုကိုမောင်လည်း “သမိုင်းဝင်သော ည” စာအုပ်အပြင် နောက်ထပ်နောက်ထပ် အမြင်မတော်မှုများကို ဖော်ထုတ်နိုင်ပါစေဗျာ။
စာအုပ်အမည် – သမိုင်းဝင်သော ည
စာရေးသူ – ဗြိတိသျှ ကိုကိုမောင်
အမျိုးအစား – သရော်စာ
ထုတ်ဝေသည့်ကာလ – ၂၀၁၆၊ မတ်လ
ထုတ်ဝေသည့်တိုက် – စာပေနန်းတော်
တန်ဖိုး – ၂၀၀၀ကျပ်