ပြည်တွင်း ဈေးကွက်မှာ Hondaရဲ့ လူကြိုက် အများဆုံး မော်ဒယ်တွေထဲက တစ်ခုလို့ ဆိုနိုင်မှာပါ။ ရုပ်ထွက် ပိုင်းမှာ ဆွဲဆောင်မှု ကောင်းအောင် ဖန်တီးထားတာ ဖြစ်ပြီး Hybrid မော်ဒယ် အနေနဲ့ရော ပုံမှန် ဆီသုံး အင်ဂျင် တပ် မော်ဒယ် အဖြစ်နဲ့ပါ ရနိုင်ပေမယ့် Hybridတွေက ပြဿနာ နည်းနည်း ရှိချင်ပေမယ့် လူကြိုက် နည်း ပါတယ်။
ဒါကလည်း တဖက်နိုင်ငံကနေ Used အဖြစ် သုံးပြီးမှ ရောက်လာတာဖြစ်လို့ အပြစ်တော့ ပြောလို့ မရပြန်ပါဘူး။ ရှေ့ပိုင်း တွေမှာတော့ Insightတွေက ၂၀၀၇ခုနှစ်ထုတ် ဝန်းကျင် မော်ဒယ်တွေ အဖြစ်နဲ့ ဈေးကွက် အဝင်များ သလို မော်ဒယ်လည်း နိမ့်ချင်တာကြောင့် ဈေးလည်း ချိုပါတယ်။ ဒါပေမယ့် အခု မိတ်ဆက်ပေးချင်တာကတော့ မော်ဒယ်မြင့် အနေနဲ့ ဝင်လာတဲ့ Insightတွေပါ။
၂၀၁၀ခုနှစ်နဲ့ နောက်ပိုင်းထုတ်တွေ ဖြစ်ပြီး မောင်းနှင်ပြီး ကီလို အပိုင်းမှာပါ ကီလို ၅သောင်း မပြည့်ချင်ကြ သေး ပါ ဘူး။ ဒါက ပျမ်းမျှ ကားတစ်စီး ကီလို တစ်သိန်းလောက် သုံးပြီးမှ ဈေးကွက်ဝင်တတ်တဲ့ အနေအထား၊ ကားတစီး ရဲ့ ပျမ်းမျှ သက်တမ်း ကီလို ၂သိန်းမှာ ၄ ချိုး ၁ ချိုးသော သက်တမ်းလောက်သာ ကုန်သေးတယ် ဆိုတာ အလွယ် မြင်သာစေတဲ့ အချက်တွေ ဖြစ်လာပါတယ်။
၁ ဒသမ ၃လီတာသုံး အင်ဂျင်တပ် မော်ဒယ် ဖြစ်ပြီး ကိုယ်ထည်ပိုင်း တည်ဆောက်ပုံက ပြိုင်ကားပုံစံ ချိုးဆစ် ထားပါတယ်။ ဈေးကွက်ဝင် Hatchbackတန်းဝင်တွေထဲမှာတော့ ဆွဲဆောင်မှု အကောင်းဆုံး မော်ဒယ်လို့ ဆိုနိုင် သလို ဂီယာပိုင်းကလည်း လူကြိုက်များတဲ့ စနစ် Auto တစ်မျိုးတည်းပဲ လာပါတယ်။ ရှေ့ထွက် မော်ဒယ်တွေနဲ့ စာရင် ထူးခြားလာတဲ့ တစ်ချက်ကတော့ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပိုင်း ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ သိသာတဲ့ ထူးခြားမှု မတွေ့ရပေမယ့် ခရီးဝေး မောင်းနှင်နိုင်မှု ပိုကောင်းလာပါတယ်။ အတွင်းခန်း ပိုမို ကျယ်ဝန်းလာပါတယ်။
တံခါးတွေရဲ့ Powerစနစ်တွေ ပိုကောင်းလာပါတယ်။ လက်ကိုင်ပိုင်း ပိုပြီး တည်ငြိမ်လာပါတယ်၊ နောက်ဖက် ကင်မရာ ရုပ်ထွက်နဲ့ ပြသပေးနိုင်မှု ပိုပြီး ကြည်လင် ပြတ်သားလာပါတယ်။ အထူးသဖြင့်တော့ ညဖက်ပိုင်း ပါကင်ထိုးချိန်တွေမှာ သိသာမှုကို မြင်ရပါတယ်။ Gasolineနဲ့ သွားမှာ ဖြစ်ပြီး ညာမောင်း အနေနဲ့ ဈေးကွက်မှာ အတွေ့ရများပါတယ်။
ကားအရောင်းစင်တာတွေမှာလည်း မော်ဒယ်မြင့် Insightတွေ ရနိုင်ပြီး ပြင်ပဈေးကွက်နဲ့ ကွာခြားမှု ရှိတာက ဈေးနှုန်းပိုင်းမှာ စင်တာတွေက ပိုမာချင်ပေမယ့် ဝန်ဆောင်မှု အပိုင်းမှာ ပြန်ပြီး ပြည့်စုံနေတာပါ။ ပြီးတော့ ရွေးချယ် ဝယ်ယူနိုင်မှု အပိုင်းမှာလည်း တစ်စီးထက်ပိုတဲ့ လေ့လာ ရွေးချယ် ဝယ်ယူနိုင်မှုကို ရနိုင်ပါတယ်။
ဒီနေရာမှာလည်း စင်တာတွေရဲ့ ဈေးမာမှုက ပြင်ပ ဈေးကွက်ထက်စာရင် အများဆုံး ၁၀ သိန်းလောက်ပဲ ဖြစ်ပြီး After Sale Service ရနိုင်မယ့် အခြေအနေ၊ ထည့်သွင်းပစ္စည်းတွေ အပိုင်းမှာ စင်တာ အနေနဲ့ နာမည်နဲ့ အလုပ် လုပ်တာ ဖြစ်လို့ ပုံမှန်ထက် အရည်အသွေး စိတ်ချရမယ့် အနေအထား အပါအဝင် ရွေးချယ်နိုင်မှု၊ ဝယ်ယူရမှု အပိုင်းမှာ လွယ်ကူမှု၊ လက်တင် စီးနင်းနိုင်မှုတွေက အခု နောက်ပိုင်းလို အခွန်၊ မှတ်ပုံတင်၊ အမည်ပြောင်း စတဲ့ လုပ်ဆောင်ချက်တွေ ပိုများ၊ ပိုရှုပ်ချိန်တွေ အတွက် အဆင်ပြေလိမ့်မယ်လို့ ယူဆမိပါတယ်။
အသက်ကယ် လေအိတ်စနစ်တွေ ပါရှိမယ်၊ TVက အစ ဖျော်ဖြေရေး ပစ္စည်း စုံမယ်၊ Air Con ကောင်းမွန် နေမယ်၊ အတွင်းဘက်ထိန်းချုပ် မလုတ်တွေ လုပ်ဆောင်ချက် မြန်ဆန်နေဦးမယ်၊ Power စနစ် အများဆုံး သုံးလာနိုင်မယ်၊ နဂို ပစ္စည်း ပါရှိမှု ပိုများမယ်၊ အပိုပစ္စည်း လွယ်လွယ်ရနိုင်တယ်၊ ဒါတွေက မော်ဒယ်မြင့် Insightတွေရဲ့ အားသာချက်တွေပါ။
ဒီနေရာမှာ ပြည်တွင်း အနေအထားက အရောင်ပိုင်း ရွေးချယ်မှု တခုလည်း စကားပြောသေးတာ တွေ့ရပြီး အရင်လိုပဲ လူကြိုက်များ အနက်နဲ့ အဖြူကတော့ ဈေးကွက် အဝင်နည်းနေသေးပြီး ငွေရောင်တွေပဲ အလွယ် ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ ငွေရောင် ၂၀၁၀ခုနှစ် ဝန်းကျင်ထုတ် Auto၊ ကီလို ၄သောင်းကျော်ကို ၁၄၅သိန်း ခေါ်ပါတယ်။ ဒါပေမယ့် အရောင်ကြောင့် ဈေးက အကျဘက်မှာ ရှိချင်ပါတယ်။ ဒါပေမယ့် အဖြူ၊ အနက်ရယ်လို့ ဖြစ် လာရင်တော့ ၁၅၀နဲ့ အထက်ကို ရောက်သွားနိုင်ပြီး ဈေးမာမယ့်အခြေအနေရှိပါတယ်။