မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းက လက်ရှိ အစည်းအရုံးဥက္ကဌ ရာထူးတာဝန်မှ အနားယူခွင့် ပေးပါရန် နုတ်ထွက်စာကို ဇွန်လ ၁၁ ရက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိအချိန်တွင် ရုပ်ရှင်ရိုက်ကူးရေးများ လစဉ် ဆက်တိုက်ဆိုသလို နယ်ထွက် ရိုက်ကူးရန် အကြောင်းဖန်လာ၍ ဥက္ကဌတယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရန် လုံလောက်သောအချိန်ပေးနိုင်ခြင်း မရှိပါ၍ ကျွန်တော့်ကြောင့် ရုပ်ရှင်လောကအတွက် နှောင့်နှေးကြန့်ကြာမှုများ၊ နစ်နာဆုံးရှူံးမှုများ မရှိစေရန် နုတ်ထွက်စာတင်ရခြင်း ဖြစ်သည်”ဟု ဥက္ကဌ ဦးလူမင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ရေးသားထားတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးလူမင်းရဲ့ တာဝန်မှ အနားယူခွင့်တင်ပြချက်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများနဲ့ ဦးစီးအမှုဆောင်များအားလုံးက ခွင့်မပြုနိုင်ကြောင်းနဲ့ သင့်တော်တဲ့ အချိန်ကာလတခုမှာ အစည်းအရုံးအမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးစီးချိန်အထိ ဆက်လက်တာဝန်ထမ်းဆောင်ပေးပါရန် ဇွန်လ ၁၂ ရက်နေ့က အထူးအစည်းအဝေးပြုလုပ်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးအပြီးမှာ အမှုဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင်မတူးက “ကျမတို့ ညီအကို မောင်နှမတွေ အတူ လက်တွဲမဖြုတ်ဘဲ လောကသားများကောင်းကျိုးအတွက် သက်တမ်းကုန်ဆုံးသည်အထိ ကြိုးစား ဆောင်ရွက်သွားကြမှာပါ ရှင့်” လို့ သူရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားခဲ့ပါတယ်။
ဦးလူမင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ တာဝန်ကို ၂၀၁၃ ခုနှစ်မှစတင်ပြီး တာဝန်ယူခဲ့တာ ဖြစ်ပြီး ယခုဆိုရင် တာဝန်ယူခဲ့တဲ့ အချိန်ကာလ သုံးနှစ်ရှိပြီ ဖြစ်ပါတယ်။
တာဝန်ယူခဲ့တဲ့ အချိန်အတွင်း ပြီးခဲ့တဲ့ ဧပြီလမှာပြုလုပ်တဲ့အကယ်ဒမီပေးပွဲအပြီးမှာ ၎င်းအား ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့် ရုပ်ရှင်လောကသားများနဲ့ ညှိနှိုင်းဆွေးနွေးမှုအစည်းအဝေးတရပ်ကို မေလအတွင်းက ပြုလုပ်ခဲ့ပါသေးတယ်။