နာမည်ကျော် မြန်မာကာတွန်းဇာတ်ကောင်တွေပါဝင်တဲ့ “Legends of Galaxy” (ဂလက်ဆီရဲ့ ရာဇဝင်တွင်သူများ) လို့ အမည်ရတဲ့ ဒစ်ဂျစ်တယ်အစီအစဉ်ကို Samsung Myanmar မှ မိတ်ဆက် ပေးခဲ့ပါတယ်။
“Legends of Galaxy” တွင် နာမည်ကျော်ကာတွန်းဇာတ်ကောင်တွေဖြစ်ကြတဲ့ တွတ်ပီ၊ မောင်မောင်ဇာ၊ ဦးကပ်စီး၊ မောင်တီထွင်နှင့် သမိန်ပေါသွပ် တို့ပါဝင်ပြီး ၎င်းတို့ရဲ့ဒီနေ့ခေတ် နေ့စဉ်ဘဝကို စမတ်ဖုန်းတွေနဲ့ မည်သို့မည်ပုံ အဆင်ပြေလွယ်ကူစွာ ကျော်ဖြတ်နေကြသလဲဆိုတဲ့ ဇာတ်ကြောင်းတွေနဲ့ ဖန်တီးဖွဲ့စည်း ထားတာပါ။
“Legends of Galaxy” အစီအစဉ်ဟာ အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အစီအစဉ်မျိုးပါ။ ဒီနာမည်ကျော် ဇာတ်ကောင်တွေကို သရုပ်ဖော်တဲ့ ကာတွန်းဆရာတွေနဲ့ မူပိုင်ခွင့်ရရှိထားသူတွေဆီက ခွင့်ပြုချက်ရယူပြီးတော့ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေကို ဒီနေ့ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစား အသက်သွင်းပြီး ဒီအစီအစဉ်ကို အကောင်အထည်ဖော်ထားတာပါ။” လို့ Samsung Myanmar ရဲ့ Marketing တာဝန်ခံ Richard See က ပြောပါတယ်။
ဆက်လက်ပြီး “ ဒီနာမည်ကျော် ကာတွန်းဇာတ်ကောင်တွေကို ပြန်လည်အသက်သွင်းပြီး ခေတ်နဲ့လျော်ညီတဲ့ ပျော်ရွှင်စရာ၊ အတုယူစရာ ဇာတ်ကြောင်းတွေကို ပြောပြခြင်းအားဖြင့် Samsung ဆိုတာ နိုင်ငံတကာ အမှတ် တံဆိပ်တစ်ခုတည်းတင်မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတိုင်း အဓိပ္ပါယ်ပြည့်ပြည့်၀၀နဲ့ အောင်မြင် တိုးတက် ဖို့အတွက် ကူညီပံ့ပိုးပေးတဲ့ ကုမ္ပဏီဆိုတာကို ပြသချင်တာပါ။ ပြီးတော့ ဒီ နာမည်ကျော် ကာတွန်း ဇာတ်ကောင် လေးတွေကို ပြန်လည်အသက်သွင်းခြင်းအားဖြင့် လူမှုကွန်ယက်ပေါ်မှာရှိနေတဲ့ လူငယ်တွေ အတိတ်ကို ပြန် ပြောင်း သတိရရင်း တောက်ပကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ချက်ထားဖို့အတွက် တွန်းအားပေးချင်တာ လည်း ပါပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
ပုံရိပ်များ၊ ဗွီဒီယိုဖိုင်များ၊ GIF ဖိုင်များဖြင့် အဆိုပါ နာမည်ကျော် ဇာတ်ကောင်များကို ပထမဆုံးအကြိမ် အသက်သွင်းထားပြီး Samsung Mobile Myanmar ရဲ့Facebook စာမျက်နှာနှင့် စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်အောင်ပြင်ဆင်ထားတဲ့ www.galaxymyanmar.com မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် Website ပေါ်တွင် အသုံးပြုသူများပါဝင်နိုင်သော အစီအစဉ်တစ်ချို့ကိုလည်း Samsung မှ မိတ်ဆက်ပေးထားပါတယ်။ Website ပေါ်တွင် ကာတွန်းဇာတ်ကောင်များနှင့်အတူ ကိုယ်တိုင် Selfie ပုံများ ရိုက်ကူးပြုလုပ်နိုင်မှာဖြစ်ပြီး အစီအစဉ်အပြီးမှာလည်း ကိုယ်တိုင်စိတ်ကူးရှိတဲ့ “Legends of Galaxy” ဇာတ်လမ်းကို ဝင်ရောက်ရေးသားနိုင်မှာပါ။ ဝင်ရောက်ယှဉ်ပြိုင်သူများထဲမှ အကောင်းဆုံးဇာတ်လမ်းကို ရွေးချယ်ပြီး လက်ရှိ ကာတွန်းဇာတ်ကောင် (၅)ကောင်လုံး ပါဝင်သော ဇာတ်လမ်းတိုကို ပြန်လည် ဖန်တီး ပေးမှာဖြစ်ပြီး အထူးဆုအနေနဲ့ Samsung Galaxy J5 ဖုန်း (၂) လုံး ပေးအပ်သွားမှာဖြစ်ပြီး ကျန်ရှိတဲ့ အကောင်းဆုံး ဇာတ်လမ်း (၅၀) တွင် ပါဝင်သူများကို “Legends of Galaxy” အထူးထုတ် တီရှပ်အထည် (၅၀) ရွေးချယ်ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
“Legends of Galaxy” အစီအစဉ်တွင် ပါဝင်သော ကာတွန်းဇာတ်ကောင်များ၊ အစီအစဉ်များ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများ စသည်တို့နှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို www.galaxymyanmar.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။