၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းက အနုပညာအလုပ်တွေကို ဆက်လုပ်တဲ့အခါမှာ လက်ရှိအသက် ၁၆ နှစ်နဲ့ လိုက်ဖက်နိုင်သော ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရမယ့် ဇာတ်များကိုသာ ရိုက်ကူးသွားဖို့ စဉ်းစားထားတယ်လို့ ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သွားခဲ့တဲ့အတွက် သရုပ်ဆောင် ယွန်းယွန်းအတွက် ရွှေလက်ရာ စာပေထုတ်လုပ်ရေးမိသားစုမှ ဇွန်လ ၁၃ ရက်နေ့က ဂုဏ်ပြုပွဲကိုလည်း ပြုလုပ်ပေးခဲ့ပါသေးတယ်။
“သမီးကို ဂုဏ်ပြုပွဲလေး လုပ်ပေးတာ အရမ်းကျေးဇူးတင်ပါတယ်။ တချို့တွေကလည်း ဒီနေရာမှာလုပ်မယ့်အစား တခြားထူးချွန်တဲ့လူငယ်တွေကိုပေးပါလို့ ပြောကြတဲ့သူတွေကိုလည်း သမီးဘယ်လိုမှ မခံစားရပါဘူး။ သမီးကို ပြောတာလည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သမီးကလည်း ပျော်လို့ပွဲထလုပ်တာမဟုတ်ဘဲ သူများက ဂုဏ်ပြုပေးတာ ဖြစ်တဲ့အတွက်လုပ်ဖြစ်သွားတာပါ” လို့ ယွန်းယွန်းက ပြောပါတယ်။
သရုပ်ဆောင် ယွန်းယွန်းဟာ မြန်မာစာနဲ့ ဇီဝဗေဒ နှစ်ဘာသာ ဂုဏ်ထူးထွက်ခဲ့တာဖြစ်ပြီး မြန်မာစာသင်ပေးခဲ့တဲ့ ကျောင်းဆရာကြီးရဲ့ကျောင်းမှာလည်း ဒီလအတွင်းမှာ အလှူသွားလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
“အမှတ်စာရင်းမရသေးတော့ ဘယ်မေဂျာ လျှောက်ဖြစ်မယ်တော့ မသေချာသေးပါဘူး။ အခုကတော့ ဆယ်တန်း ဖြေပြီးကတည်းက သမီး MHR (Myanmar Human Resources) မှာ Busniess Management ကို တက်နေပါတယ်။ သမီးက စီးပွားရေးနဲ့ ပတ်သက်တာကို ဝါသနာပါတဲ့အတွက် ဒါကိုတက်ဖြစ်တာပါ။ ပြည်တွင်းတက္ကသိုလ်ကို တက်တဲ့ အခါဆိုရင်တော့ ဒါနဲ့မတူတဲ့ တခြားမေဂျာကို တက်ဖြစ်မယ်ထင်ပါတယ်” လို့ ဆိုပါတယ်။
သူ့အနေနဲ့ ဆယ်တန်းတနှစ်လုံး ရိုက်ကူးရေးတွေ လုံးဝနားထားခဲ့ခြင်းမရှိဘဲ ကြော်ငြာရိုက်တာတို့ ခရီးသွားတာတို့ ရှိခဲ့ကာ စာကို သေချာဖိဖိစီးစီးလုပ်ဖြစ်တဲ့အချိန်ကတော့ ဇန်နဝါရီလလောက်မှ စတင်ခဲ့တာလို့ ဆိုပါတယ်။ စာမေးပွဲမဖြေခင် ဘယ်ဘာသာကိုမှ လျှော့မလုပ်ခဲ့ဘဲ့ ဖြေပြီးတဲ့အချိန်မှာလည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒနဲ့ ဇီဝဗေဒ လေးဘာသာလုံးကို အားရခဲ့ပြီး အဲ့ဒီထဲမှာမှ မြန်မာစာနဲ့ ဇီဝဗေဒ ဂုဏ်ထူးပါခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ဆယ်တန်းမှာ ကြိုးစားအားထုြတ်ဖစ်ခဲ့ပုံကို ရှင်းပြပါတယ်။
“ဒီနှစ်ကိုယ်နဲ့ရွယ်တူတွေ ဂုဏ်ထူးပါတဲ့သူတွေရော ကိုယ့်ထက်တော်ကြတဲ့သူတွေ အကုန်လုံးကိုဂုဏ်ပြုပါတယ်။ ဒီနှစ် မအောင်မြင်ခဲ့တဲ့သူတွေရှိခဲ့ရင်လည်း နောင်နှစ်စာမေးပွဲမှာ သမီးတို့ထက် အများကြီး အောင်မြင်တဲ့သူတွေ ဖြစ်ကြပါစေ လို့ ပြောချင်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
သူ့အနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သွားပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သေချာပြန် လုပ်ဖြစ်မှာဖြစ်ပြီး လတ်တလောမှာတော့ ကြော်ငြာနှစ်ခုရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။