သိပ်မကြာသေးခင်လောက်က အဆိုတော် ဘန်နီဖြိုးနဲ့ ခြောက်နှစ်ကျော်လက်တွဲလာခဲ့တဲ့ သူ့ချစ်သူ ကောင်မလေးတို့ တရားဝင်လမ်းခွဲပြတ်စဲလိုက်ပြီလို့ ဘန်နီဖြိုးဘက်မှ ပြည်တွင်းမီဒီယာတွေ ကို ပြောကြားလိုက်ပြီးတဲ့နောက် သူ့ချစ်သူဟောင်း မိန်းကလေးဘက်မှလည်း သူ့ရဲ့ ခံစားချက်ကို ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖွင့်ဟရေးသားလာပါတော့တယ်။
“ကျမသူ့ကို မုန်းလို့လမ်းခွဲခဲ့တာလည်းမဟုတ်ပါဘူး။ သူက မီဒီယာတွေမှာ ပျက်သွားပြီ ဆိုပြီးပြောတော့လေ ကျမဘက်က ဘာမှမပြောဘူးဆိုရင် တချို့သူ့ပရိသတ်တွေက သူ့အပေါ်အမြင်စောင်းလာနိုင်တယ်။ အဲ့အတွက် ကျမ အဲ့စာကိုတင်လိုက်တာပါ။ ဘာလို့ပြတ်သွားတာလဲဆိုရင်တော့ သူ့မှာလည်း အကြောင်း ပြချက်တစ်ခုရှိမယ်လို့ထင်ပါတယ်။ ကျမကိုယ်တိုင်လည်း အဲ့အကြောင်းပြချက်ကိုသိချင်ပါတယ်။ သူလည်း သူ့အလုပ်တွေပိုပြီးလုပ်ချင်တယ်။ ပိုပြီးအချိန်ပေးချင်တယ်ဆိုတော့ ကျမတို့နှစ်ယောက်လုံး ပိုအဆင်ပြေမယ် ထင်လို့ ဒီလိုလုပ်တာပါ” လို့ ဘန်နီဖြိုးရဲ့ ချစ်သူဟောင်း မိတ်ကပ်ပညာရှင်လည်းဖြစ် မော်ဒယ်လ် လည်းဖြစ်တဲ့ ဟာနာယူရီ က ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ ဒီလိုအကြောင်းအရာတွေကို အင်တာဗျူးနဲ့ သတင်းတွေတက်လာမှ သိရှိရပြီး ကြားကြားချင်း မှာလည်း တော်တော် စိတ်မကောင်းဖြစ်ရတယ်လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် ဟာနာယူရီရဲ့ဖေ့စ်ဘုတ်ပေါ်ရေးသားမှုထဲတွင် သူတို့နှစ်ဦးကို ချစ်သူစုံတွဲတွေဆိုတဲ့ အသုံးအနှုန်းအစား သူငယ်ချင်း ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ပြင်ဆင်သုံးနှုန်းပေးစေချင်တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရတာပါ။
ဇွန်လဆန်းပိုင်းလောက်က အဆိုတော် ဘန်နီဖြိုးကို ဧရာဝတီမှ လက်ရှိသူ့ရဲ့အချစ်ရေးခံစားချက် ဘယ်လိုရှိသလဲဆိုတာကို မေးမြန်းတဲ့အပေါ် “လောလောဆယ်မှ တယောက်တည်း မဟုတ်ပါဘူး။ နောက်လည်း ကျနော်တယောက်တည်းပဲ နေတော့မယ်လို့ စိတ်ကူးထားပါတယ်။ အခုချိန်မှာ အလုပ်လုပ်ဖို့ကပဲ ကျနော်အတွက် ပိုအရေးကြီးတယ်လို့ ထင်လို့ပါ” လို့ ဖြေကြားခဲ့ဖူးပါသေးတယ်။
အဆိုတော် ဘန်နီဖြိုးနဲ့ သူ့ချစ်သူဟောင်း ဟာနာယူရီတို့ အခုလို မပြတ်စဲခင်မှာလည်း ဘန်နီဖြိုး၊ ဟာနာယူရီနဲ့ နောက်ထပ်အဆိုတော်မလေးတို့သုံးယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ရေး ပြဿနာတွေ ဟာလည်း သို့လောသို့လော သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒီ ပြဿနာတွေကြောင့်များ သူတို့ ချစ်သူနှစ်ဦး လမ်းခွဲခဲ့လေခြင်းလားဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေဖြစ်ခဲ့တာပါ။
“ကျမအဲ့တာတော့ မပြောတတ်ဘူးရှင့်။ ကျမအနေနဲ့ကတော့ ကျမဘက်က သူ့အပေါ် ဘာမှ မှားထား တာလည်း မရှိဘူး။ ကြိုက်လာတဲ့ ကာလမှာလည်း ကျမဘက်က သူ့အပေါ် ချစ်ပေးခဲ့တယ်။ သူ့အလုပ်တွေ လည်း ဝင်စွက်ဖက်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူးရှင့်။ အဲ့အတွက် ကျမလည်း သူ့အပေါ် တာဝန်ကျေတယ်လို့ ထင်ပါတယ်။ ကျမ သူ့အပေါ်လည်းမမုန်းပါဘူး။ လက်ရှိလည်းသူငယ်ချင်းလိုပါပဲ။ အဆိုတော်ကောင်မလေး ကြောင့် ပျက်ခဲ့တာတော့မဟုတ်ပါဘူး။ သူက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ ကျမ မေးစရာမလိုအောင်ကို သိပါတယ်”လို့ ဟာနာယူရီက ဆိုပါတယ်။
ဟာနာယူရီဟာ ဒီ့မတိုင်ခင်မှာလည်း Forever Young အလှကုန်ပစ္စည်းများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးရောင်းချခြင်းကို ပြုလုပ်ခဲ့သူဖြစ်ပြီး ဒီ အလှကုန်ပစ္စည်းဟာ ဈေးကွက်မှာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သူ့ရဲ့ မွေးရပ်မြေကို ပြန်ပြီး ဘာသာရေးများကို ပိုမိုပြုလုပ်ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
“ကျမ လက်ရှိမှာ ဘုရားရောင်တော်ဖွင့်တာတွေ၊ ဘုန်ကြီးကျောင်းတွေမှာ အိမ်သာဆေးတာတွေကို လုပ်ပေးဖြစ်ပါတယ်။ ပြီးတော့ ကျမတတ်တဲ့ပညာလေးနဲ့ နတ်နန်းတွေမှာ ပန်းပုရုပ်တွေကို ပန်းချီ ဆွဲပေးတာလေးတွေလည်းလုပ်ဖြစ်ခဲ့ပါတယ်။ ပန်းပုရုပ်မှာ ပန်းချီဆွဲဖြစ်တာကတော့ ကျမ နောက် ကျောင်းဆက်တက်မယ့်ဟာမှာ သူကလည်း ဘာသာရပ်တစ်ခုအနေနနဲ့ ပါဝင်ပြီး ကျမလည်း စိတ်ဝင်စားတယ်။ ကုသိုလ်လည်းယူချင်လို့လုပ်ပေးဖြစ်တာပါ” လို့ ဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း ဒီ မိတ်ကပ်ပညာကို ဘွဲ့လွန်(မာစတာ) အထိ နိုင်ငံခြားမှာ ကျောင်းဆက်တက် ဖြစ်မှာဖြစ်ပြီး မော်ဒယ်လ်လည်း ဆက်လုပ်သွားဖို့ရှိကြောင်း၊ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများမှာလည်း သူ့ရဲ့မိတ်ကပ်ပညာများကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ပရဟိတလုပ်ငန်းတွေကိုလည်း အဆင်ပြေရင် ပြေသလိုလုပ်ချင်ပြီး ရန်ကုန်မှာလည်း မိတ်ကပ်ပညာဒါနအနေနဲ့ သင်ပေးချင်ကြောင်း ပြောဆိုခဲ့ပါတယ်။